တအောင့်အကြာတွင်မူ သူတို့နှစ်ယောက် ပထမတန်းစား အရာရှိ၏နယ်မြေသို့ ရောက်ရှိလာကြပြီ ဖြစ်၏။
ကြီးမားတောက်ပြောင်သော အဆောက်အဦးကြီး၏ ဝင်ပေါက်ရှေ့မှာတော့ ချယ်ရီနှင့်ဂျူးဂျူးကို သူတို့ လှမ်းမြင်နေရသည်။သူတို့ကို ကြည့်ရတာ ဝင်ပေါက်တံခါးမှ လူတစ်ယောက်နှင့် စကားပြောနေသည့်ပုံစံ။
"သူတို့တွေ...ရောက်တာကြာနေပြီ မဟုတ်ဘူးလား မဝင်သေးဘဲ ဘာလုပ်နေ.."
"နေဦး..ရှန်..ကြည့်ရတာ သူတို့ ရန်ဖြစ်နေတဲ့ပုံပဲ"
သူမစကားကို နေအဂ္ဂက ဖြတ်ပြောလိုက်သည်။
"ဟမ်!....."
အသေအချာ ကြည့်လိုက်သောအခါ ချယ်ရီ့ကို ထိုဝင်ပေါက်ရှိ လူတစ်ယောက်က အားနှင့် ဆောင့်တွန်းချလိုက်သည်ကို သူမတို့ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရ၏။ရှန် ဒေါသထောင်းခနဲ ထွက်သွားရာ မျက်စိတစ်မှိတ် အတွင်းမှာပင် သူမရဲ့ နတ်စွမ်းအင်ကို အသုံးပြုပြီး ထိုနေရာသို့ ဖျတ်ခနဲ ရောက်ရှိသွားသည်။
ကြီးမားသော စွမ်းအင်လှိုင်းများက တနင့်တပိုးဖြင့် ထိုနေရာတစ်လျှောက် ဖုံးလွှမ်းသွားသည်။နေအဂ္ဂမှာ သူမအား စိတ်ပူသဖြင့် အလားတူ နတ်စွမ်းအင်သုံးပြီး အနောက်မှ ချက်ချင်းပင် လိုက်သွားသည်။
"ချယ်ရီ...အဆင်ပြေရဲ့လား"
"ဟင်...ရှန်.."
ချယ်ရီနှင့် ဂျူးဂျူးက ရှန့်နှင့်အတူ ပါလာသော နေအဂ္ဂကိုပါ ကြည့်၍...
"နေအဂ္ဂ...နင်လည်း ရောက်လာတယ်"
"ဘာတွေဖြစ်နေကြတာလဲ"
ရှန်က ခပ်ဆတ်ဆတ် မေးလိုက်တော့ ဂျူးဂျူးက ဦးစွာဖြေရင်း ဖြစ်ကြောင်းကုန်စင် တိုင်တော့သည်။
"ဒီမှာလေ..ရှန်လာမှာကို ဘာမှမပြင်ဆင်ထားတဲ့အပြင် သတင်းပို့ဆိုတာကိုလည်း မပို့ပေးနိုင်ဘူးတဲ့ အဲ့ကောင်စုတ်လေးက...ငါတို့ကိုလည်းဝင်ခွင့်မပေးဘူး"
"ဟ! ဘာကိုကောင်စုတ်လေးလဲ...မင်းတို့ မင်းတို့တွေကို ငါ့အဖေကိုယ်တိုင် မောင်းထုတ်ခိုင်းပြီး အပြစ်ပေးခိုင်းမှ အသိတရားဝင်မယ် ထင်တယ်"
YOU ARE READING
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...