နတ်ဆိုးသခင် သေဆုံးပြီးနောက်တွင် နတ်ဆိုးလောကမှာ ဖရိုဖရဲ ဖြစ်ကုန်သည်။ကြီးကြပ်အုပ်ချုပ် ကွပ်ကဲမည့်သူ မရှိဖြစ်၍ တခြားသော လောကများသို့ပါ ကူးလူးရောယှက်ကုန်ကြ၏။ထိုအခြင်းအရာများကို နေအဂ္ဂနှင့်ရှန်တို့မှာ ဦးဆောင်၍ ကိုင်တွယ် ဖြေရှင်းကြရသည်။မိစ္ဆာဓာတ်စိုးမိုး၍ ကြမ်းတမ်းသည့် နတ်ဆိုးတချို့က မကောင်းဆိုးဝါးလောက အပိုင်းအခြားသို့ ထွက်ပြေးကြသလို တချို့များက ပင်လယ်နက်ပိုင်းက မိစ္ဆာများထံ ကူးပြောင်းကြကုန်၏။ကျန်ရှိသော နတ်ဆိုးငယ်များသာ နတ်နဂါးအင်ပါယာ၏ လက်ပါးစေများအဖြစ် ရှင်သန်နေထိုင်ခွင့် ရရှိကြသည်။
ဒေါ်ဒေါ်မှူးမှာ အပြီးတိုင် ကျောင်းအုပ်ရာထူးမှ အငြိမ်းစား ယူလိုက်ပြီဖြစ်၍ နောင်တစ်ချိန် မွေးဖွားလာမည့် သုံးလောကစောင့်နတ်သမီး လက်ထပ်တွင် ကျောင်းတော်ကို ထပ်မံဖွင့်လှစ်သည့်အခါ သူမ၏ မျိုးဆက်ဖြစ်တဲ့ တစ်စုံတစ်ယောက်က ဆက်လက်တာဝန်ယူ ထမ်းဆောင်ပေလိမ့်မည်။
ထရစ်ဇ်နှင့် ဂျူးဂျူး၊ ချယ်ရီတို့မှာတော့ ရာထူးအဆင့် တက်ကုန်ကြပြီး အလုပ်ပိုများလျက်ရှိ၏။ဇေသစ်ချန်းမှာမူ ဖခင်ဖြစ်သူ၏ နေရာအား ဆက်ခံ၍ ရွှေသစ်နွယ်ပိုင်နက်၏ တောင်ဘက်နယ်မြေကို စီမံကွပ်ကဲရသည်။လင်းသစ်မှာတော့ ဂျူးဂျူးရှိရာ ပင်မနယ်မြေဆီသို့ တာဝန်ပြန်ကျကာ ရာထူးပိုကြီးလာသဖြင့် အလုပ်တစ်ဖက်၊ အချစ်တစ်ဖက်နှင့် ဗျာများနေရ၏။
မိမိတို့၏ မေတ္တာရေးကို ဂျူးဂျူးမှ ဖုံးကွယ်ထားခိုင်းသဖြင့် နှစ်ဦးသား တိတ်တဆိတ်သာ ချစ်ကြိုးသွယ်ကြရသည်။
သို့သော် တစ်ခုသော ညနေခင်းတွင် ရုံးခန်းထဲ၌ ဂျူးဂျူးနှင့် ထရစ်ဇ် အလုပ်လုပ်နေကြ၏။နေဝင်ခါနီးဖြစ်၍ အလုပ်ကို အမြန်ဆုံး လက်စသတ် နေကြရသည်။ရုတ်တရက် တံခါးဖွင့်သံ ဗြုန်းခနဲ ကြားလိုက်ရ၏။
လင်းသစ်က ခပ်သုတ်သုတ် ဝင်လာပြီး ထရစ်ဇ်ဘက်လှည့်ကာ အလောတကြီး ပြောလာသည်။
"Hey...ထရစ်ဇ် ၊မင်းကို နတ်နဂါးအရှင် လိုက်ရှာနေတယ်"
ခါးထောက်ရင်း အမောဖြေနေသည့် လင်းသစ်ကို ထရစ်ဇ် မော့ကြည့်လိုက်သည်။

BINABASA MO ANG
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...