Unicode
နုငယ်ပျိုမျစ်နေတဲ့ နှလုံးသားလေး
"နောက်ကျနေပြီ .. နောက်ကျနေပြီ .."
ကြက်တူရွေးတစ်ကောင်လို ဒီစကားကိုပဲ အသွင်သွင်ရေရွတ်ပြီး အိမ်အပေါ်ထပ်ကနေ ၀ရုန်းသုန်းကားပြေးဆင်းချိန် ထယ်ယောင်းလိုပဲ ကျောင်းနောက်ကျကာနီးနေတဲ့အွန်းယောင်းနဲ့၀င်တိုက်မိကာ ညီအစ်ကိုနှစ်ယောက်လုံး ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။
"ဟဲ့ .. ဟဲ့ .. ဖြည်းဖြည်းလုပ်ကြလေ .."
"နောက်ကျနေပြီမာမားရ .."
မနက်စာစားပြီးသွားပုံရတဲ့မာမားဟာ သူ(မ) ရဲ့ချစ်ခင်ပွန်းကို နက်ကတိုင်တပ်ပေးရင်း ထယ်ယောင်းတို့ဆီလည်း မျက်စောင်းတစ်ချက်လှမ်းထိုးဖို့မမေ့ပါချေ။
"မနက်ကျ စောစောမထကြဘဲ .."
"မနက်စောစောထတဲ့ငှက် ဗိုက်အရင်ဆာတယ် .. အဲဒါကြောင့် သားတို့က နောက်ကျမှထတာ .."
အွန်းယောင်းရဲ့စကားတတ်မှုကြောင့် ပါပါးဟာ မနေနိုင်ဘဲ ခွီခနဲရယ်ချတယ်။ ထယ်ယောင်းမှာတော့ ရယ်ဖို့ရာထက် မနက်စာကိုသာ ကမန်းကတမ်းကောက်ဝါးပြီး တိုင်ကပ်နာရီရှိရာဆီလည်း မျက်စိစွေစောင်ကြည့်ကာ အချိန်ညှိနေမိတယ်။
(၈) နာရီထိုးကာနီးတာနဲ့တစ်ပြိုင်နက် သံပတ်ပေးထားတဲ့အရုပ်တစ်ရုပ်လိုမျိုး ထိုင်ခုံပေါ်ကဝုန်းဒိုင်းကြဲစွာထလိုက်ပြီး ....
"မာမား .. သားသွားတော့မယ် .."
"မုန့်သေချာစားသွားဦးလေ .."
"ကျူတိုရှိတယ်မာမားရဲ့ .. သွားတော့မယ်နော် .. မာမားတာ့တာ .. ပါပါးတာ့တာ .. အွန်းလေးတာ့တာ .. အားလုံးကိုတာ့တာ .."
အမြန်အဆန်တာ့တာပြကာ စားပွဲပေါ်က ပေါင်မုန့်ဖြူတစ်ချပ်ကို ပါးစပ်နဲ့ကိုက်ခဲပြီး လွယ်အိတ်ဆွဲလို့ အပြင်ဘက်အမြန်ပြေးထွက်ခဲ့တယ်။
"လိုသေးတယ် .. နည်းနည်းလိုသေးတယ် .."
အိမ်ရှေ့က စက္ကူပန်းရုံကြီးဘေး ခဏရပ်စောင့်နေရင်း ကုန်းတက်လမ်းလေးပေါ် မသိမသာလှမ်းကြည့်ကာ အကောင်းအတိုင်းရှိနေတဲ့ဖိနပ်ကြိုးကို သုံးလေးခါလောက် ဖြေလိုက်၊ ချည်လိုက်လုပ်နေမိတယ်။

YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..