Unicode
ကံကောင်းသောနေ့
တနင်္ဂနွေကျောင်းပိတ်ရက်ရဲ့အင်တာနက်ကဖေးဆိုင်ထဲကအခြေအနေဟာ သာမန်အတိုင်းကိုပင် ကမ္ဘာပျက်သည့်နှယ် ဆူညံပွက်လောရိုက်နေတယ်။ ဆူဆဲသံတညံညံကြား ထယ်ယောင်းတို့အုပ်စုကတော့ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်တစ်ဘူးကို လေးယောက်ပေါင်းစားရင်း နောက်ရက်တွေအတွက်လည်း မုန့်ဖိုးချန်နေရပါသေးတယ်။
"ငိုး .. ငါ့ကိုလာကယ်ဦး .. ငါသေတော့မယ် .. ငါသေတော့မယ် .. သေသွားပြီ .. အား ရှီး"
မကျေမနပ်ဖြစ်စွာ စုတ်တစ်ချက်သပ်လိုက်ပြီး ဖင်ကပ်သာကျန်တော့တဲ့ခေါက်ဆွဲဘူးထဲက ဟင်းရည်ကိုတစ်ငုံမော့သောက်လိုက်တဲ့အခါ အငတ်ဘေးသင့်နေသောသူငယ်ချင်းတစ်သိုက်ဆီက ကျိန်ဆဲသံအချို့ဟာ မကြားဝံ့မနာသာဖြစ်စရာကောင်းလောက်အောင် ပေါ်ထွက်လာတယ်။
"ကုန်အောင်သောက်ရင် ဝဲထူပါစေ .."
"ဒီခေါက်ဆွဲဝယ်တုန်းက ငါတစ်ဝက်စိုက်ထားရတာနော် .."
"ဂရုမစိုက်ဘူးကွာ .. ငါမြိုဖို့မကျန်တော့ရင် မင်းကိုသေအောင်သတ်မှာ .."
ကွန်ပြူတာစက်ခရင်ပေါ်ကနေ အကြည့်မခွာနိုင်သေးတဲ့ဂျင်၀န်းကို လျှာထုတ်ပြောင်ပြလိုက်ပြီး ချဉ်စပ်စပ်ခေါက်ဆွဲပြုတ်ရည်တွေကို အကုန်မော့သောက်ဖို့ကြံစည်ချိန်မှာ နိုယွန်းဟာ ထယ်ယောင်းပါးစပ်နားကသောက်လက်စခေါက်ဆွဲဘူးကို အတင်းဆွဲလုတယ်။ နောက်တော့ နိုယွန်းလက်ထဲကနေ ဂျူ၀န်းလက်ထဲ ကူးပြောင်းသွားပြန်တဲ့ သနားစရာခေါက်ဆွဲဘူးလေးရဲ့အဖြစ်ပါပဲ။
"ငတ်လိုက်ကြတာကွာ .. အကုန်သာမြိုလိုက်တော့ ဟေ့ကောင်တွေ .. မင်းတို့ကိုကြည့်ပြီး ရွံလွန်းလို့ ဆက်သောက်ချင်စိတ်တောင်မရှိတော့ဘူး .."
"ဘာမှမကျန်တော့မှပဲ မြိုပြီးစို့ပြီးကျေနပ်သွားတဲ့ပါးစပ်ပေါက်လေးကနေ ဒီစကားမျိုးထွက်လာတယ်ပေါ့ .. တိုးတက်ပါဦးမယ် .. ကြီးပွားပါဦးမယ် .. အစာမကျေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ဝမ်းချုပ်နေပါဦးမယ် .."
ဂိမ်းနိုင်သွားတာကြောင့် မြောက်ကြွမြောက်ကြွဖြစ်နေသော ကျေးဇူးတရားမသိတဲ့ဂျူဝန်းကို နိုယွန်းကပြန်ပက်ချိန် လိုင်းပေါ်ကကောင်မလေးတစ်ယောက်နဲ့ အီစီကလီလုပ်နေပုံပေါ်တဲ့ဂျင်ဝန်းရဲ့အသံကျယ်ကြီးက ည (၇) နာရီ ဒရမ်မာဇာတ်လမ်းမှာ ကန့်လန့်ကန့်လန့်ဝင်လုပ်တတ်သော ကြားဖြတ်ကြော်ငြာတစ်ပုဒ်လိုထွက်ပေါ်လာတယ်။
![](https://img.wattpad.com/cover/362911687-288-k887242.jpg)
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..