Unicode
ငေးကြည့်ခွင့် မရှိ
"ထယ်ထယ် .. ထမင်းလာစားဦး .. မနက်ကလည်း ဘာမှမစားထားဘူးမဟုတ်လား .. ဒီလိုနဲ့ အစာအိမ်ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ .."
လော့ချထားတဲ့အခန်းတံခါးကို လက်ဆစ်ကလေးနဲ့ တဒေါက်ဒေါက်ခေါက်လို့ လူအိုကြီးတစ်ယောက်လိုဆူပူနေတဲ့အွန်းယောင်းရဲ့စကားတွေကိုလျစ်လျှူရှုကာ ခေါင်းအုံးထက်မျက်နှာအပ်ပြီး ငြိမ်သက်စွာပင် မျက်ရည်ကျနေမိတယ်။
"ထယ်ထယ် .. ကျွန်တော်ပြောတာကြားလားလို့။ ထမင်းမစားချင်ဘူးဆို စားချင်တာပြောလေ .. စောနက ပါပါးဖုန်းဆက်တယ် .. သူ တက္ကသိုလ်ကနေ စာသင်ပြီးပြန်လာတဲ့အခါ ထယ်ထယ်စားချင်တာ ဝယ်လာပေးမယ်တဲ့ .."
"ဟင့်အင်း .. သွားတော့အွန်းလေး .. ငါအိပ်တော့မယ် .."
"ငိုနေတာလား .."
"အဆင်ပြေတာမို့ သွားပါတော့အွန်းလေးရာ .."
တစိမ့်စိမ့်စီးကျလာတဲ့မျက်ရည်စက်တွေကို ထိန်းချုပ်ခြင်းမပြုနိုင်ဘဲ အက်ရှရှအသံနဲ့တုံ့ပြန်လိုက်ပါမှ ထယ်ယောင်းရဲ့မထိသင့်တဲ့အခြေအနေကိုရိပ်စားမိသွားတဲ့အွန်းယောင်းဟာ နားလည်မှုဖြင့်သာ အနောက်ဘက်ဆီခပ်လှမ်းလှမ်းဆုတ်လို့ ထွက်ခွာသွားပါတယ်။
"အဲဒီလိုမဖြစ်ချင်ဘူး .."
အတူလုံးထွေးခဲ့ဖူးတဲ့အိပ်ရာထက် ထယ်ယောင်းရဲ့မျက်ရည်စတွေ စိုစီစီနိုင်စွာ စွန်းထင်ပေကျံနေတယ်။ မိုးခေါ်ဖားကလေးတစ်ကောင်ပမာ တအီအီငိုကြွေးပြီး ကြိတ်မနိုင်ခဲမရဖြစ်ဖြစ်နဲ့ ကုတင်ကို စိတ်လိုလက်ရထုနေသော်ငြားလည်း သူကတော့ဖြင့် အလိုလိုက်တဝ်သောဝသန်မိုးငွေလွှာတွေနဲ့ခြားနားစွာပင် ထယ်ယောင်းအော်ငိုတိုင်း ပြန်မလာခဲ့ပါတော့ချေ။
အခုနေများ 'နောက်တစ်ကြိမ် ပြန်လိုချင်တယ်' လို့ တောင်းပန်ခယပြီးသွားပြောရင် 'မင်းမှာ အဲဒီလိုအခွင့်မရှိဘူး' ဆိုတဲ့စကားလုံးတွေနဲ့ သူ့ဘက်နာနာကျည်းကျည်းတုံ့ပြန်လောက်လေမလား။
စို့နင့်နာကျင်ခြင်းကြား ပါဝါပိတ်ထားတဲ့ အဖြူရောင်ခေါက်ဖုန်းလေးကို ရေးရေးထင်သောမျှော်လင့်ချက်အချို့ဖြင့် ဖွင့်ကြည့်မိလိုက်တဲ့အခါ ထယ်ယောင်းရဲ့အရာရာကိုနားလည်ပေးနိုင်တဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အသိမိတ်ဆွေတွေရဲ့ ဖုန်းခေါ်ဆိုမှုများ၊ အားပေးစာလွှာများမှအပ အမျှော်လင့်ထားဆုံးလူဆီက ဆက်သွယ်ခြင်းကို အစအနေကလေးတောင် မတွေ့မြင်နိုင်ရပါတော့ပေ။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..