💕 Feeling of Love 💕 အပိုင်း ၂၈
24th January
ဒီနေ့ဟာ နှောင်းနဲ့မောင်ရဲ့ ချစ်သူသက်တမ်း ၂လပြည့်တဲ့နေ့ဖြစ်သည်။ ၁လပြည့်တဲ့နေ့တုန်းကတော့ အထင်လွဲမှုတွေနဲ့ ဖြတ်သန်းခဲ့ရပြီး ခု ၂လပြည့်မှာတော့ အရာအားလုံး ပျော်ရွှင်စရာတွေအပြည့်နှင့်ဖြတ်သန်းကြမှာဖြစ်သည်။ သို့ပေမယ့် ဒီနေ့က ရုံးဖွင့်ရကဲဖြစ်နေတာမို့ နှောင်းမှာ သေချာပြင်ဆင်ဝတ်စားလာတာမျိုးမဟုတ်ဘဲ ရုံးတက်ဖက်ရှင်ဖြင့်သာ။ ဒီညနေ Italian Restaurant တစ်ခုမှာ မောင်က ဘိုကင်ယူထားတယ်ပြောတာမို့ နှောင်းရုံးဆင်းတာနဲ့ လာကြိုပြီး တစ်ခါတည်းသွားကြမှာဖြစ်သည်။
နာရီကြည့်လိုက်တော့ ညနေ ၄နာရီခွဲနေပြီမို့ လုပ်စရာအလုပ်ကို လက်စအမြန်သက်ပြီး သန့်စင်ခန်းထဲသွားကာ အဆီပြန်ချင်နေတဲ့ T Zone တစ်ဝိုက်ကို Loose Powder လေးဖြင့် ဖုံဖုံလေးဖြစ်သွားအောင် ပုတ်ပုတ်ပြီးလိမ်းလိုက်ကာ နှုတ်ခမ်းနီဆိုးလိုက်ပြီးနောက် ပါးပြင်လေးကိုပါ နှုတ်ခမ်းနီနည်းနည်းတို့လိုက်ကာ လက်ချောင်းလေးတွေနဲ့အသုံးပြုပြီး အမြန်ဖြန့်လိုက်သည်။ နောက်ဆုံးမှန်ထဲမှာ ကြည့်လိုက်တော့ မိတ်ကပ်အပြင်အဆင်က အဆင်ပြေသွားပြီဖြစ်သည်။
ဆံပင်ရှည်ထားရတာကြိုက်ပေမယ့် အလုပ်ရှုပ်လို့ ဆံပင်တိုဘဲထားလာတာ ၈နှစ်လောက်ရှိနေပေမယ့် ချစ်သူရပြီးနောက်ပိုင်း ဘာကြောင့်ရယ်မှန်းမသိ ဆံပင်ရှည်လေးထားချင်လာမိသည်။ ဒါကြောင့် မညှပ်ဘဲ အရှည်ထားထားမိတဲ့ဆံပင်တွေက ဂုတ်ကိုတောင်ဖုံးခါနီးနေပြီမို့ မနေတတ်တာနဲ့ ခုနောက်ပိုင်း ဆံပင်ကို စည်းထားတာက များလေသည်။ ခုလည်း မနက်ကတည်းကစည်းထားတဲ့ ခေါင်းစည်းကြိုးကို ဖြည်လိုက်ပြီး ခေါင်းစည်းကြိုးအသစ်တစ်ကွင်းနဲ့ ဆံပင်တွေကို နောက်မှာစုစည်းလိုက်သည်။ အပေါ်မြှောက်စည်းဖို့ကလည်း ဆံပင်ကအရမ်းတိုနေသေးတာမို့ နောက်နားလေးမှာသာ ဖွဖွလေးစည်းလိုက်သည်။
ဆံပင်စည်းလိုက်တာကြောင့် ပြောင်ရှင်းသွားတဲ့မျက်နှာကို ကြည့်ကောင်းသွားအောင် ရှေ့ဆံပင်ခွဲကြောင်းနားလေးကနေ ဆံပင်နည်းနည်းကိုလက်ညိုးလေးနဲ့ဆွဲယူကာ ချထားလိုက်သည်။ ထို့နောက် နားထင်နားက ဆံပင်လေးတွေကိုပါ တစ်မျှင်နှစ်မျှင်လောက်ချထားလိုက်တော့ အိုခေ Perfect။