💕 Feeling of Love 💕 အပိုင်း ၄၆
ကောင်းပြည့်က Wedding ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့ ပုံမှန်ဆို ကုမ္ပဏီက ပန်းချီပြခန်းမှာ ပန်းချီဆွဲနေတာမျိုးပဲ လုပ်နေကြဖြစ်တဲ့ စေက ဒီရက်ပိုင်းတော့ ကောင်းပြည့်ကိုယ်စား အလုပ်တွေကို တာဝန်ယူပေးထားရသည်။ မနက်ရုံးရောက်ကတည်းက လက်မှတ်ထိုးစရာရှိတဲ့ စာရွက်စာတမ်းတွေကို သေချာစစ်ဆေးပြီး လက်မှတ်ထိုးနေရတာမို့ အားလုံးပြီးသွားချိန်မှာ နေ့လည် ၁၁ နာရီခွဲနေပြီဖြစ်သည်။ ထမင်းစားချိန်ရောက်နေပြီမို့ စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ဖွင့်ကာ နှောင်းငယ်ဆီ ထမင်းစားနေပြီလားဆိုတဲ့ စာတိုလေး လှမ်းပို့ထားလိုက်သည်။ နှောင်းငယ်ဆီကနေ ချက်ချင်းပဲ ခုပဲစားတော့မလို့ဆိုတဲ့ ပြန်စာရောက်လာတာမို့ စေပြုံးလိုက်ပြီး အသည်းပုံ Sticker လေး ပို့ပြီး ဖုန်းကို စားပွဲပေါ် ပြန်တင်ကာ ခပ်မတ်မတ်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို အညောင်းပြေသွားအောင် ထိုင်ခုံနောက်မှီပေါ် လှန်ချလိုက်ပြီး မျက်လုံးတို့ကို ခဏမှိတ်ထားလိုက်သည်။
မျက်လုံးမှိတ်လိုက်တာနဲ့ မြင်ယောင်မိတဲ့ နှောင်းငယ် မျက်နှာလေးကြောင့် ကိုယ့်အဖြစ်ကို ပြန်တွေးပြီး ပြုံးလိုက်မိသည်။ ဘယ်တော့ဖြစ်ဖြစ် တွေးမိလိုက်တဲ့အကြောင်းအရာတိုင်းဟာ နှောင်းငယ်နဲ့ပတ်သက်တာတွေပဲမို့ တစ်နေ့ထက်တစ်နေ့ နှောင်းငယ်ကို ပိုချစ်လာတယ်ဆိုတာ သေချာနေတာမို့ စေတွေးနေတာ တစ်ခုတော့ရှိသည်။ ကောင်းပြည့်တို့ကလည်း မင်္ဂလာဆောင်ဖို့ စီစဥ်နေတာမို့ စေကိုယ်တိုင်လည်း နှောင်းငယ်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲပြီး နှစ်ကိုယ်တူဘဝလေးကို ထူထောင်ချင်စိတ်က တဖွားဖွား။ သို့ပေမယ့် နှောင်းငယ်ဘက်က ကြည့်မယ်ဆို ချစ်သူသက်တမ်း တစ်နှစ်တောင် မပြည့်သေးဘဲ လက်ထပ်ချင်ပါ့မလားဆိုတာ တွေးမိပြန်တော့ ရင်မောရပြန်သည်။
တစ်အိမ်တည်း အတူတူနေတာတောင် ခုမှ အသားကျနေချိန် စေက ဒီစကားတွေ ဖွင့်ပြောလိုက်ရင် နှောင်းငယ်ဘက်က စေ့ကို တစ်မျိုးမြင်သွားနိုင်မလား ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ လွန်ဆွဲနေရတဲ့ စေ့အဖြစ်က ဒီရက်ပိုင်း နှောင်းငယ်ကြောင့် ပိုပြီး မရိုးမရွဖြစ်နေရသည်။ ဟိုနေ့ညက နှောင်းငယ်ရဲ့ပုံစံကို တွေးမိတိုင်း ပြင်းထန်လာတဲ့ ဟိုမုန်းဓာတ်က စေ့ကို ဒုက္ခပေးနေတာမို့ ခုနောက်ပိုင်း စေ့မှာ နှောင်းငယ်ကို မြင်တိုင်း မကောင်းတဲ့အတွေးတွေ ဝင်နေကာ ကိုယ့်စိတ်ကို ပြန်ထိန်းနေရသည်။