💕 Feeling of Love 💕 အပိုင်း ၄၉
နိုးနေကျအချိန်ရောက်တော့ မျက်လုံးက သူ့အလိုလိုပွင့်လာလေသည်။ အခန်းထဲက နာရီကို ကြည့်လိုက်တော့ မနက် ၅နာရီကို ညွှန်ပြနေသည်။ ပုံမှန်ဆို နိုးတာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့စေဟာ ခုမနက်တော့ စေ့ရင်ခွင်ထဲ တိုးဝင်ဖက်တွယ်ထားတဲ့ အနွေးဓာတ်လေးကြောင့် အိပ်ယာက မထဖြစ်သေးဘဲ ရင်ခွင်ထဲက နှောင်းငယ်နဖူးကို ငုံ့နမ်းကာ ပြန်လည်ဖက်တွယ်ထားမိသည်။ မနေ့ညက ကိစ္စတွေကြောင့် တော်တော်လေးပင်ပန်းသွားမှာကို စိုးရိမ်နေခဲ့ပေမယ့် ခုလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်ရတော့ စေ့စိတ်ထဲ တော်ပါသေးရဲ့ဟု တွေးမိလိုက်သည်။ မနေ့ညက အကြောင်းကိုတွေးလိုက်မိရုံနဲ့ ဖြစ်တည်လာတဲ့အပြုံးတွေက အတောမသတ်နိုင်ပေ။ ဒီမိန်းကလေးကို ချစ်မိပြီးနောက်ပိုင်းမှ အရင်ကထက် ပိုပြီးပြုံးနေမိတာ၊ စိတ်ချမ်းသာနေမိတာ ကိုယ့်ကိုကိုယ်သာ သိလေသည်။ နှောင်းငယ်ရဲ့ စိတ်နဲ့ခန္ဓာ က စေ့အပိုင်ဆိုတဲ့အသိက စေ့အတွက်တော့ အဖိုးထိုက်တန်လေသည်။ စေ့ရဲ့လက်ရှိပစ္စုပ္ပန်မှာ နှောင်းငယ်ရှိနေသလို စေပုံဖော်ထားတဲ့အနာဂတ်မှာလည်း နှောင်းငယ်က ထိပ်ဆုံးမှာ ပါဝင်နေသည်။ နှောင်းငယ်နဲ့ ဘဝတစ်ခုကို တည်ဆောင်ပြီး နှစ်ကိုယ်တူတိုင်းပြည်ထူထောင်ချင်တာကလည်း စေ့အနာဂတ်ရဲ့ အရေးကြီးဆုံးကိစ္စဖြစ်သည်။ အတွေးတွေက တစ်ဆုံးတွေးမိသွားချိန်မှာတော့ ကြည်နူးမှုကြောင့် ရင်တွေခုန်လာကာ ရင်ခွင်ထဲက နွေးထွေးမှုလေးကို တင်းကြပ်စွာဖက်တွယ်လိုက်မိသည်။
စေဖက်လိုက်တာ အားပါသွားလို့လား မပြောတတ် နှောင်းငယ်က အနည်းငယ် လွန့်လူးလာပြီး စေ့ခါးကိုဖက်ထားတဲ့လက်တွေက စေ့ရင်ဘတ်ဆီရောက်လာကာ
"မောင်"
"အွန်း မောင်ရှိတယ်နော်.... အိပ်ဦးနော် နှောင်းငယ် စောသေးတယ်"
"အင်းးးး"
နှောင်းငယ်ကျောပြင်ကို ပွတ်သပ်ပေးပြီး ပြန်အိပ်ခိုင်းလိုက်တော့ နှောင်းငယ်က စေ့ကို တင်းကြပ်စွာ ပြန်လည်ဖက်တွယ်ကာ အိပ်စက်ခြင်းဆီသို့ နောက်တစ်ကြိမ် အလည်ရောက်သွားပြန်သည်။ ခုချိန် စေ အိပ်ယာကထမယ်ဆိုရင် နှောင်းငယ် ပြန်နိုးသွားမှာစိုးတာကြောင့် နှောင်းငယ် နှစ်ခြိုက်စွာပြန်အိပ်ပျော်သွားတဲ့အထိ စောင့်ပြီးမှ စေ အိပ်ယာကထချိန်မှာတော့ မနက် ၆နာရီ ထိုးပြီဖြစ်သည်။ စေ့ကို ခွကာ အိပ်နေတဲ့နှောင်းငယ်ကို မနိုးသွားအောင် အသာဖယ်ပြီး အိပ်ယာကနေထကာ မျက်နှာသစ် သွားတိုက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး မနေ့ညကမှ ဝယ်ထားတဲ့ ကြက်ပေါင်သားတွေကို ထုတ်ကာ ရေသေချာဆေးပြီး အသားတွေကို နူးအိနေအောင်ပေါင်းပြီး ကြက်ပေါင်းစွပ်ပြုတ်လေး ချက်ဖို့စီစဉ်လိုက်သည်။