💕တစ်ဘဝလုံးချစ်မယ့်သူ💕

1.5K 83 5
                                    

💕 Feeling of Love 💕အပိုင်း ၂၃

The Next Morning

စိမ့်ခနဲအေးသွားတဲ့ခံစားချက်နဲ့အတူ နှောင်းမျက်လုံးအစုံက ပွင့်လာခဲ့သည်။ မျက်လုံးဖွင့်လိုက်တာနဲ့ ထိုးကိုက်လာတဲ့ခေါင်းကြောင့် လက်ဖနှောင့်နှင့် နားထင်ကိုဖိကာ လက်ချောင်းလေးတွေဖြင့် နဖူးကို အနည်းငယ် ဖိနှိပ်နေလိုက်သည်။ ဆောင်းရာသီရဲ့အအေးဓာတ်ဟာ တောင်တန်းတွေနဲ့ နီးနေတော့ ရန်ကုန်ထက် ပိုအေးတာတော့အမှန်ပင်။ လုံနေအောင်ခြုံထားတဲ့စောင်ကို တင်းနေအောင်ပြန်ဆွဲယူပြီး ခေါင်းမြှီးခြုံကာ မျက်လုံးတွေ ခဏမှိတ်ထားပြီး ပြန်မှေးနေလိုက်သည်။ အိပ်ရာကတော့ မထချင်သေးပေ။ ၁၀မိနစ်လောက် နှပ်ပြီးချိန်မှာတော့ ခြုံထားတဲ့စောင်ကို ရင်ဘတ်နားထိပြန်ဆွဲချရင်း ကုတင်ပေါ်က နှောင်းရဲ့ဘေး နေရာကိုကြည့်လိုက်တော့ လင်းကမရှိတော့။ နာရီကိုကြည့်လိုက်တော့ ၈နာရီတောင် ခွဲနေပြီဖြစ်သည်။ မထချင်ပေမယ့်လည်း ရင်ထဲပူပြီး ဗိုက်ကလည်းဆာနေတာမို့ ကုတင်ပေါ်ကဆင်းကာ အခန်းပြင်ကိုထွက်လာလိုက်သည်။

အခန်းအပြင်မှာတော့ အားလုံးကမနက်စာစားနေကြပြီဖြစ်ပြီး နှောင်းကိုမြင်တော့ အန်တီမြိုင်က

"ဟော နှောင်းလေးနိုးလာပြီလား... မျက်နှာသွားသစ်လိုက်ဦး... ပြီးရင် မနက်စာလာစားတော့နော် သမီး"

"ဟုတ်တီမြိုင်"

တီမြိုင့်ကိုပြောရင်း အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် နှောင်း ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ဖို့လုပ်ရသည်။ ဘေစင်ကမှန်မှာ ကိုယ့်ရုပ်ကိုယ်ပြန်မြင်ပြီး လန့်တောင်သွားရတယ်။ ဆံပင်က ဖွာလန်ကျဲနေပြီး အိပ်ချင်စုံမွှားမျက်နှာက ဖောင်းကားနေလေသည်။ နှောင်းက အိမ်မှာအမြဲ နိုးတာနဲ့ရေချိုးခန်းထဲဝင်နေကျဆိုတော့ မေ့ပြီး အခန်းထဲကနေ ခေါင်းက ဖြီးမလာခဲ့မိ။ ခုတော့ လက်ကို ရေစွတ်ကာ ဆံပင်ကို တစ်ချက်နှစ်ချက်သပ်ချလိုက်သည်။ သွားတိုက် မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါမပါလာတာကြောင့် ‌မျက်နှာမှာရေစက်လက်နဲ့ ရေချိုးခန်းထဲကထွက်လာပြီး ထမင်းစားစားပွဲပေါ်တင်ထားတဲ့ တစ်ရှူးဘူးထဲက တစ်ရှုး သုံးရွက်လောက်ထုတ်ကာ မျက်နှာကို ဖိသုတ်ပြီး ရေစိုသွားတဲ့တစ်ရှုးတွေကို မီးဖိုချောင်ထဲက အမှိုက်ပုံး‌လေးထဲ သွားပစ်လိုက်သည်။ အားလုံးက မနက်စာစားနေကြချိန် မောင်က မီးဖိုချောင်ထဲမှာ ကော်ဖီနှပ်နေရင်း အိုးတစ်အိုးကိုမွှေနေသည်။ နှောင်းလည်း မသိချင်ယောင်ဆောင်ကာ ထမင်းစားစားပွဲမှာဝင်ထိုင်ရင်း ဦးကို လှမ်းမေးလိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now