💕 Feeling of Love 💕 အပိုင်း ၉
ကုမ္ပဏီရောက်တာနဲ့ အိတ်ကို ခုံမှာချိတ်လိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ရေဘူးကိုယူကာ ရေဖြည့်ဖို့လုပ်လိုက်သည်။ အလုပ်ရှုပ်ရင် ရေထမသောက်ဖြစ်လို့ အမြဲလိုလိုရေဗူးဆောင်ထားရသည်။ နားနေခန်းမှာ သောက်ရေဖြည့်နေတုန်း ဖုန်းထဲဝင်လာတဲ့ Message သံကြောင့် ဖုန်းဖွင့်ကြည့်လိုက်တော့ စေ့ထံမှ ပုံတွေပို့လာတာကြောင့် နှောင်းတစ်ပုံချင်းသေချာကြည့်လိုက်ပြီးနောက် စေ့ထံသို့ ပြုံးနေတဲ့ Sticker တစ်ခုပို့လိုက်သည်။ စေကလည်း Kiss ပေးနေတဲ့ Sticker ပြန်ပို့တာကြောင့် နှောင်းရယ်လိုက်မိသေးသည်။ နှောင်းစားပွဲရှိရာသို့ပြန်ရောက်တော့ သီရိက ဖုန်းကိုကြည့်ရင်း
"ဟယ်.. မစ္စတာစေက ချစ်သူရသွားပြီတော့"
"ဘယ်သူ"
သီရိစကားကို နှောင်းလည်း ရင်တုန်သွားသလို အစ်မသူဇာကလည်း နားမရှင်းသလိုပြန်မေးတာကြောင့် နှောင်းလည်း မသိမသာနားစွင့်နေမိသည်။
"ဒီမှာလေ မမမြတ်ရဲ့မောင် ကိုစေညွှန်ရာကိုပြောတာ"
"အဲ့ဒါများ သီရိရယ် စေညွှန်ရာဆိုလည်း စေညွှန်ရာပေါ့.. မစ္စတာစေဆိုတော့ ကြောင်တောင်သွားတယ်"
"လူတိုင်းက မစ္စတာစေ.. Sir Say လို့ပဲ ခေါ်ကြတာ အစ်မသူဇာရဲ့.. ဒီမှာ ကြည့်ပါဦး IG မှာ တင်ထားတယ် Two Hands, One Heart တဲ့ အနောက်မှာ Kiss Emoji တောင်ပါသေးတယ်"
သီရိက ဖုန်းကို အစ်မသူဇာဆီပြနေပေမယ့် ရုံးခန်းထဲရှိတဲ့ ဝန်ထမ်းတွေအားလုံးက ကိုယ့်ဖုန်းကို ထုတ်ကာ ကြည့်ကြတော့သည်။ နှောင်းလည်း အများနည်းတူ ဖုန်းဖွင့်ပြီး IG ထဲ ဝင်ကြည့်လိုက်တော့ ဒီနေ့မနက် ကားပေါ်မှာရိုက်ထားတဲ့ စေနဲ့နှောင်းရဲ့လက်ကိုင်ထားတဲ့ပုံလေးကို တင်ထားတာဖြစ်သည်။ Caption ကလည်း Two Hands, One Heart 👩❤️💋👨 ဆိုပြီး ရေးထားတဲ့အပြင် hashtag ကို #firstdate ဆိုပြီး ရေးထားတာကြောင့် နှောင်းပြုံးလိုက်မိပေမယ့် တစ်ယောက်ယောက်မြင်သွားမလားဆိုပြီး အရိပ်အခြေကလည်း ကြည့်ရသေးသည်။
"မိန်းကလေးလက်က သေးသေးလေးနော်.. ကြည့်ရတာ မစ္စတာစေထက် ငယ်မယ်ထင်တယ်"