💕 Feeling of Love 💕 အပိုင်း ၄၄
နိုးနေကျအချိန်ဖြစ်တဲ့ မနက် ၆နာရီဆိုတာနဲ့ စေ့မျက်လုံးတွေက အလိုလိုပွင့်လာပြီဖြစ်သည်။ ခန္ဓာကိုယ်က တင်းကြပ်နေသလို ခံစားရတာကြောင့် ကြည့်လိုက်တော့ ပက်လက်အိပ်နေတဲ့စေ့ရင်ဘတ်ပေါ်ကို နှောင်းငယ်က ခေါင်းတင်ထားပြီး လက်တွေကလည်း စေ့ကို ဖက်ထားလေသည်။ ဒါ့အပြင် နှောင်းငယ်ရဲ့ခြေထောက်တစ်ဖက်ကလည်း စေ့ပေါ်ကို ခွတင်ထားတာမို့ နိုးနိုးချင်း စေ့မှာပြုံးမိပြန်သည်။ ခုလိုမျိုး စေနဲ့အတူတူအိပ်ရတာကို သက်တောင့်သက်သာနဲ့ အိပ်နေတဲ့ပေါ်ကိုလည်း တွေးမိရုံနဲ့တင် ကြည်နူးရသည်။ မနက်ဆို နိုးတာနဲ့ တန်းထပြီး လေ့ကျင့်ခန်းလုပ်တတ်တဲ့စေ့မှာတော့ ဒီမနက်မှာ ထချင်စိတ်မရှိဘဲ စေ့ရင်ဘတ်ကို ပါးအပ်ကာ အိပ်ပျော်နေတဲ့ နွေးအိအိခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ပြန်ဖက်ထားလိုက်ပြီး မျက်လုံးများကို ပြန်မှိတ်ထားကာ အိပ်ယာထဲမှာပဲ ပြန်နှပ်နေလိုက်သည်။
နာရီဝက်လောက်ကြာချိန်မှာတော့ ပက်လက်အနေအထားကနေ ဘေးတစ်စောင်းအနေအထားကို ပြောင်းလိုက်သည်အထိ စေ့ရင်ခွင်ထဲက နှောင်းငယ်ကတော့ မနိုးလာသေးပေ။ ဘေးတစ်စောင်းအနေအထားမို့ မြင်နေရတဲ့ နှောင်းငယ်ရဲ့ ဘာမှမလိမ်းထားတဲ့မျက်နှာလေးဟာ ကြည်လင်နေပြီး နူးညံ့နေတဲ့ Mochi လုံးလေးလိုဖြစ်နေတာမို့ စေအသည်းယားလာကာ Mochi လုံးလေးနဲ့တူတဲ့ပါးပြင်လေးကို လက်ညှိုးလေးနဲ့အသာတို့ကြည့်လိုက်မိသည်။ အိခနဲခံစားလိုက်ရတာမို့ စေသဘောကျစွာ ဒီတစ်ခါမှာတော့ စေ့နှာခေါင်းနစ်ဝင်သွားသည်အထိ ဖိကပ်နမ်းလိုက်တော့ နှောင်းငယ်က အင်းခနဲသံရှည်ဆွဲကာ အနည်းငယ်လွန့်လူးလာသည်။
နှောင်းမျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ကြည့်
လိုက်တော့ မြင်လိုက်ရတဲ့ မောင့်မျက်နှာချောချောကြောင့် ရုတ်တရက် နာရီလက်တံတွေရပ်တန့်သွားသလို ခံစားလိုက်ရပြီး နောက်မှ ပြန်တွေးကြည့်တော့ မနေ့က တကယ်ကြီး နှောင်း မောင့်အိမ်မှာ အာ.... မှားလို့ မောင်နဲ့တစ်ကုတင်တည်း တူတူအိပ်ခဲ့ကြတာပဲဆိုတဲ့ အတွေးဝင်လာလေသည်။ ဒါပေမယ့် ဒီလိုနီးကပ်နေတာကြီးက တစ်ခုခုတော့ လွဲနေသလိုပင်။
“မောနင်း နှောင်းငယ်......... ညက အိပ်ရေးဝရဲ့လား”