💕 Feeling of Love 💕 အပိုင်း ၄၅
သန့်စင်ခန်းထဲက ဘေစင်မှာလက်ဆေးနေရင်း ဝင်လာတဲ့လူရိပ်ကြောင့် မှန်ထဲကိုကြည့်လိုက်တော့ မော်ဒယ်နဒီလှိုင်းဖြစ်နေတာမို့ နှောင်း အကြည့်တို့ကို ပြန်လွှဲလိုက်မိသည်။ Toilet ထဲ ဝင်မယ်ထင်ထားပေမယ့် မဝင်ဘဲ နှောင်း ဘေးမှာ လက်လာဆေးနေတာမို့ နှောင်းလည်း လက်ဆေးခြင်းကို လက်စသတ်ကာ တစ်ရှူးနဲ့လက်ကို သုတ်နေလိုက်သည်။
"တို့ကို သိတယ်မလား"
လက်သုတ်နေတုန်း ကြားလိုက်ရတဲ့အသံကြောင့် မော်ဒယ်နဒီလှိုင်းကို ကြည့်လိုက်ကာ
"နှောင်းကို ပြောတာလား"
"ဒီမှာ ယူနဲ့တို့နဲ့ နှစ်ယောက်တည်းရှိတာလေ..... ယူ့ကိုမပြောလို့ ဘယ်သူ့ကို ပြောရမှာလဲ"
"သြော်..... အင်း သိပါတယ် မော်ဒယ်နဒီလှိုင်းလေ"
"နိုးနိုး မော်ဒယ်အနေနဲ့ကတော့ တို့ကို လူတိုင်းသိကြတယ်လေ..... တို့ပြောချင်တာက စေနဲ့ပတ်သက်ခဲ့ဖူးတဲ့ စေ့အချစ်ဦးအနေနဲ့ကို သိလားလို့မေးတာ"
ဟ အလာကြီးပါလား ဟု စိတ်ထဲမှာတွေးလိုက်မိရင်း မျက်နှာကိုတော့ ပြုံးထားလိုက်ရင်း
"အွန်း သိပါတယ်...... မောင်ပြောပြဖူးတယ်လေ"
"ဟုတ်လား....... ဒါတောင် ယူက တို့ကိုတွေ့တာတောင် မျက်နှာတစ်ချက်မပျက်ဘူးနော်"
"ဟင် ဘာဆိုင်လို့လဲ"
"ဘာ"
"မျက်နှာပျက်ရအောင် ကျွန်မက မောင့်ကို ရှင့်ဆီကနေ စနှိုက်ကျော်ထားတာမှ မဟုတ်တာ...... မောင် လူလွတ်အဖြစ်နဲ့ရှိနေတုန်းမှာ ကျွန်မကို ချစ်ရေးဆိုထားပြီး ကျွန်မတို့က ချစ်သူတွေဖြစ်နေတာလေ"
"ဟွန့် ယူကလည်း မခေဘူးပဲ....... တို့က ယူ့ကို သေချာမမြင်ဖူးသေးလို့ လာမိတ်ဆက်တာ"
"ခုတော့ မြင်ဖူးသွားပြီမလား"
"ဘာပြောတယ်"
"ခုလို ကျွန်မကို တကူးတကလာပြီး မိတ်ဆက်တဲ့အတွက် ကျေးဇူးပဲနော်...... ကျွန်မကို ခွင့်ပြုပါဦး"
"ကို့အကြိုက်က တော်တော်လေး ပြောင်းလဲသွားတာပဲ"
ရှေ့မှာရှိနေတဲ့သူကို နှုတ်ဆက်ပြီး အပြင်ထွက်ဖို့အလုပ် နောက်ကနေကြားလိုက်ရတဲ့ နဒီလှိုင်းရဲ့စကားကြောင့် ခြေလှမ်းတို့ရပ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ နှောင်းလှည့်လာတော့ နဒီလှိုင်းက ဟန်ပါပါ လက်ပိုက်ထားကာ နှောင်းနားကို တစ်လှမ်းချင်းလျှောက်လာသည်။