💕 Feeling of Love 💕 အပိုင်း ၄၃
ကားကို ခြံဝင်းထဲမှာရပ်ပြီးနောက် မောင်က ကားနောက်ဖုံးထဲက နှောင်းရဲ့ Luggage နှစ်ခုကို ထုတ်လာသည်။ နှောင်းက တစ်ခုကို လှမ်းယူဖို့ပြင်တော့ မောင်က
“မောင်ပဲ ယူလာခဲ့လိုက်မယ်...... နှောင်းငယ်က တံခါးပဲ ဖွင့်လိုက်တော့....... Password က နှောင်းငယ် မွေးနေ့နဲ့ မောင့်မွေးနေ့ရက် နှစ်ခု”
မောင်ပြောသလို အိမ်တံခါးလော့ခ်ကို 2124 ဆိုပြီး ရိုက်လိုက်တော့ တံခါးက တီခနဲပွင့်သွားတာမို့ နှောင်း မောင့်ကို ပြုံးပြီးကြည့်လိုက်မိသည်။ မောင်က နှောင်းကို ပါးချိုင့်လေးတွေ ပေါ်သွားသည်အထိ ပြုံးပြလာကာ နှောင်းနဖူးကို မွခနဲ နမ်းလာပြီး ပြောလာတဲ့စကားက
“နောက်မှ Fingerprint လုပ်ပေးမယ်နော်”
နှောင်း မောင့်ကို ခေါင်းငြိမ့်ပြလိုက်ပြီး မောင် အိမ်ထဲဝင်လို့ရအောင် အခန်းတံခါးကို အနည်းငယ် တွန်းပေးလိုက်တော့ မောင်က နှောင်းရဲ့အိတ် နှစ်အိတ်ကိုဆွဲကာ အိမ်ထဲဝင်သွားလေသည်။ မောင်က အပေါ်ထပ်ကို တစ်ခါတည်း တက်သွားတာမို့ နှောင်းလည်း မောင့်နောက်က လိုက်လာခဲ့လိုက်သည်။ အရင်က နှောင်းအိပ်ခဲ့တဲ့မောင့်အခန်းကိုပဲ မောင်က ဝင်သွားတာမို့ နှောင်းလည်း အခန်းပေါက်ဝကနေ မောင့်ကို လှမ်းကြည့်လိုက်တော့ မောင်က နှောင်းကို ငဲ့ကြည့်ကာ
“လာလေ နှောင်းငယ်”
မောင်က လက်ကမ်းကာ လှမ်းခေါ်တာမို့ နှောင်းလည်း အခန်းထဲကို ဝင်သွားကာ
“နှောင်းက ဒီမှာနေရမှာလား...... အောက်ထပ်က အခန်းမှာနေလည်း ရတာပဲကို...... နှောင်း ဒီမှာနေတော့ မောင်က ဘယ်မှာနေမှာလဲ”
“မောင်လည်း ဒီမှာပဲနေမှာပေါ့”
“ဟင်”
ရုပ်တည်ကြီးနဲ့ပြောနေတဲ့မောင့်ကြောင့် နှောင်းကျောချမ်းသွားသည်။ တီမြိုင်တို့ကို ပြောခဲ့တုန်းကတော့ အခန်းက နှစ်ခန်းရှိတာမို့ နှောင်းငယ်က အဆင်ပြေတဲ့အခန်းမှာနေလို့ ရတယ်လေး ဘာလေးနဲ့။ ခုကျတော့ သူလည်း ဒီအခန်းမှာပဲနေမှာတဲ့။ ဘယ်လိုလုပ်ရပါ့မလဲ။