💕Feeling of Love အပိုင်း ၄၁💕
၁ လခန့်ကြာသော်
သန့်စင်ခန်းထဲကမှန်မှာမြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ကိုယ်ကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် နှောင်းပြုံးလိုက်မိသည်။ ခြေသလုံးတစ်ဝက်လောက်ထိရောက်တဲ့ Aurora Chic က ထုတ်တဲ့ ချည်ဂါဝန် ခရင်မ်ရောင်လေးကို ဝတ်ထားပြီး ဂုတ်ထောက်နေပြီဖြစ်တဲ့ဆံပင်တွေကိုတော့ ခေါင်းစည်းကြိုးလေးဖြင့် စည်းနှောင်လိုက်ပြီး ရှေ့ဆံပင် အနည်းငယ်ကို ကပိုကရိုလေးဖြစ်အောင် အနည်းငယ်ချထားလိုက်သည်။ ဒီနေ့က မောင့်မိဘတွေအိမ်မှာ ညနေစာသွားစားရမှာမို့ လူကြီးတွေအမြင်မှာ အမြင်မရိုင်းအောင်လို့ သေချာ ပြင်ဆင်နေမိတာဖြစ်သည်။ တီမြိုင်တို့နဲ့ ညစာစားချိန်တို့ဘာတို့မှာ အားလုံးစုပြီး ရံဖန်ရံခါ ဆုံတတ်ကြပေမယ့် ခုလိုမျိုး သီးသန့်ကြီး မောင့်မိဘတွေနဲ့ ညနေစာ အတူတူစားရမှာက ပထမဆုံးအကြိမ်ဖြစ်တာမို့ ရင်တုန်နေတာလည်း ကိုယ့်ကိုကိုယ်သာသိသည်။
မှန်ထဲက ကိုယ့်ပုံရိပ်ကို သေချာစစ်ဆေးပြီးသွားချိန်မှာတော့ သန့်စင်ခန်းထဲက ထွက်လာပြီး အလုပ်စားပွဲမှာ ဝင်ထိုင်ကာ ပစ္စည်းတွေကို သိမ်းလိုက်သည်။ နာရီကြည့်ေတာ့ ၅နာရီ၁၀မိနစ်ဖြစ်နေပြီမို့ ဝန်ထမ်းတစ်ချို့လည်း ပြန်ကုန်ကြပြီဖြစ်ပြီး မပြန်သေးတဲ့အစ်မတွေကို နှုတ်ဆက်ပြီး ရုံးရှေ့မှာစောင့်နေတဲ့ မောင့်ထံ ခပ်သွက်သွက်လေး လျှောက်လှမ်းသွားလိုက်သည်။ မောင့်ကားမှန် တံခါးကို ခေါက်လိုက်တော့ ကားမှန်တံခါးက ဖြည်းဖြည်းချင်းလျောကျလာပြီး မောင့်မျက်နှာချောချောက ထွက်ပေါ်လာသည်။
"စောင့်ရတာ ကြာသွားပြီလား မောင်"
"မကြာသေးပါဘူး..... ၁၅မိနစ် မိနစ်၂၀ လောက်ပါပဲ.... တက်လေ နှောင်းငယ်"
"ဟုတ်"
မောင်က နှောင်းကို ပြောပြီး တံခါးလော့ဖွင့်ပေးလိုက်တာမို့ နှောင်းလည်း ကားပေါ်တက်လိုက်သည်။ နှောင်းကို ခါးပတ်ပတ်ပေးဖို့ နှောင်းဘက်ကို ကိုင်းကျလာတဲ့ မောင့်ကို စချင်တာမို့ မောင့်ပါးပြင်ကို နှောင်းရဲ့နှာခေါင်းတို့ နစ်မြုပ်သွားတဲ့အထိ နမ်းရှိုက်လိုက်ပြီး