💕 Feeling of Love 💕 အပိုင်း ၁၆
နှောင်း မှာ တက္ကစီပေါ်မှာထိုင်နေရင်း မောင့်စကားတွေကို နားထဲပြန်ကြားယောင်ကာ မျက်ရည်က အလိုလိုဝဲလာပြန်သည်။ ဖောက်ပြန်တာတဲ့လား ပြောရက်လေခြင်း
ဆိုတဲ့အသိနဲ့ ပိုဝမ်းနည်းရသည်။ ဘယ်ကနေဘယ်လိုတွေ မှားယွင်းခဲ့ပြီး မောင့်ဘက်က ဘာတွေဖြစ်နေမှန်း သေချာမသိပေမယ့် လောလောဆယ် ကိုယ့်အပူထက် သူငယ်ချင်းကို ပိုပူနေရတာမို့ ကားဆရာဦးလေးကို
မြန်မြန်မောင်းဖို့ပြောကာ နားထဲမှာ မိုးသောက်ပြောတဲ့စကားတွေက ပဲ့တင်သံထပ်လာသည်။လင်းကို သူ့ရည်းစားဟောင်းဖြစ်တဲ့အကောင်က ကားပေါ်အတင်းထိုးထည့်ပြီးခေါ်သွားတာကို မြင်ပြီး ဦးက တွေ့ရာကားကို လှမ်းတားကာ နောက်ကလိုက်သွားသည်တဲ့လေ။ မိုးသောက်ကလည်း သူ့အစ်ကိုကို စိတ်မချလို့ ဦးနဲ့အတူကားပေါ်မှာ လိုက်လာခဲ့တယ်တဲ့။
လက်ထဲကဖုန်းကမြည်လာတာကြောင့် ကြည့်လိုက်တော့ ဦးဆီကမို့ ဖုန်းကိုအမြန်ကိုင်လိုက်သည်။
"ဟယ်လို ဦး"
"နှောင်း နင်အခု ဘယ်မှာလဲ"
"ရောက်တော့မယ်"
"အာ့ဆို အိမ်ပြန်လိုက်တော့ နင်"
"ဟမ်... ဘာလို့လဲ လင်းရော... အခြေအနေဘယ်လိုလဲ"
"ငါတို့ ဒီကောင်နေတဲ့ တိုက်ခန်းကိုရောက်ပြီးပြီ မရှိဘူး... မီးပွိုင့်မိတုန်း လွတ်သွားတာကွာ တောက်!"
"အဲ့... အဲ့တော့"
"ငါအခု ဒီကောင်သွားနေကျ နေရာတစ်ခုကိုသိတယ်... အဲ့ဒီကိုလိုက်သွားကြည့်မလို့... နင်ကတော့ ပြန်လိုက်တော့"
"ဟဲ့ ဖြစ်မလား... လင်းကလည်း ငါ့သူငယ်ချင်းပဲလေ... ငါလည်းလိုက်မယ် နေရာပြော"
"........."
"ဟဲ့ ဦး!!! ငါနင့်ကို တသက်လုံးစကားမပြောဘဲ နေလိုက်မှာနော် ပြောအခု ငါ့ကိုနေရာ"
အသံတိတ်နေတဲ့ဦးကို နှောင်းအော်လိုက်ပြီး ခြိမ်းခြောက်လိုက်မှသာ နေရာတစ်ခုကိုပြောပြလေသည်။ ကားဆရာကို တောင်းသလောက်ပေးပါ့မယ် အရေးကြီးလို့ပါဆိုပြီး ထိုနေရာကို လိုက်ပို့ခိုင်းရသည်။