💕 Feeling of Love 💕 အပိုင်း ၂၁
ကောင်းပြည့်နဲ့ရတီနေတဲ့အခန်းမှာ လိုက်ကာတပ်ထားတဲ့ မှန်ချပ်အကြီးကြီးတစ်ခုရှိသည်။ ထိုမှန်ချပ်ကြီးနားမှာရပ်ကာ လိုက်ကာကိုလက်ကလေးနဲ့ အသာဟပြီး အပြင်ကိုငုံ့ကြည့်နေတဲ့ စေ့အနား ကောင်းပြည့်လျှောက်သွားပြီး စေ့နည်းတူ မှန်ချပ်တွေကနေတစ်ဆင့် မြင်နေရတဲ့ပုံရိပ်ကို ကြည့်လိုက်မိတော့ ရေကူးကန်ဘေးမြက်ခင်းပြင်ပေါ်မှာ ခဏနေကျရင်ပြုလုပ်မယ့် BBQ Party အတွက် ပြင်ဆင်နေကြသည့် နှောင်းရိပ်ငယ်တို့သူငယ်ချင်းသုံးယောက်နဲ့ မမမြတ်တို့ပင်။ သေချာတာကတော့ စေကြည့်နေတဲ့သူက နှောင်းကလွဲလို့ ကျန်တဲ့သူမဖြစ်နိုင်။
"ပြီးကျရင်လည်း အောက်ဆင်းကြရတော့မှာကို မင်းကဒီကနေ ဘာတွေကြည့်နေတာလဲ"
"သိရဲ့သားနဲ့မေးနေပြန်ပြီကွာ"
ကောင်းပြည့်မေးတာကိုသာဖြေနေပေမယ့် စေ့အကြည့်တွေက နှောင်းဆီမှာပင်။ ဒါကြောင့် ကောင်းပြည့်လည်း တစ်ချက်ကြည်လိုက်ပြီး စေ့ကို မှန်ချပ်တွေနားကနေ ဆွဲခေါ်လာပြီး ကုတင်ပေါ်မှာထိုင်ခိုင်းလိုက်ကာ ကောင်းပြည့်လည်း ကုတင်ပေါ်မှာ ခြေထောက်တွေကို အောက်ချထားပြီး ထိုင်လိုက်သည်။
"မင်းအနေနဲ့ရော မ,နဲ့ကိုရောင်နီဦးနဲ့ကို ဘယ်လိုမြင်လဲ"
"ငါတော့ ဒီအတိုင်း အရမ်းအရမ်းကိုမှ ရင်းနှီးတဲ့သူငယ်ချင်းလို့ပဲမြင်တယ်... မင်းပဲပြောတော့ နှောင်းသာ မင်းဘေးမှာရှိနေရင် မင်းဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လက်ခံနိုင်တယ်ဆို... အခုမင်းပုံစံကိုကြည့်ရတာ ငါတော့ စိတ်ပင်ပန်းတယ်"
"ဟူးးးးး... ငါ့ဘေးမှာ မ,ရှိနေရင် လုံလောက်ပြီဆိုပေမယ့် ဒီနေ့လိုပုံစံမျိုးကိုမြင်ဖို့အတွက်တော့ ငါ့စိတ်တွေ မပြင်ဆင်ရသေးဘူးလေကွာ"
သက်ပြင်းချကာ ကောင်းပြည့်ကိုပြောလိုက်ပြီး မနက်က မြင်ကွင်းက မျက်လုံးထဲပေါ်လာပြန်သည်။ မနက်က ကိုရောင်နီဦးကို စကားသွားပြောမယ်ဆိုပြီး မ,ထွက်သွားကတည်းက စေ မသိမသာနဲ့လိုက်ကြည့်နေမိတာ။ ဒီအတိုင်း ရိုးရိုးသာမာန်စကားပြောနေကြပေမယ့် ရုတ်တရက် ကိုရောင်နီဦးက မ,ကို ဆွဲဖက်လိုက်တာကြောင့် စေ့မှာဧည့်ခန်းထဲကနေထိုင်ကာ ကြည့်နေရင်းကမှ မတ်တပ်ရပ်မိမလိုတောင် ဖြစ်သွားသေးသည်။ အဲ့မြင်ကွင်းကိုမြင်ပြီးတည်းက စေ့စိတ်တွေအဆင်သိပ်မပြေပေ။ ညနေကျရင် အန်တီမြိုင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို အားလုံးအတူတူကျင်းပမှာမို့ ခဏနေရင် အောက်ဆင်းကာ ဂုဏ်ပြုကြမှာဖြစ်သည်။