💕 Feeling of Love 💕အပိုင်း ၂၄
နေ့လည် ၂နာရီ
မိုးပြာရောင် လက်ရှည်အင်္ကျီကို အဖြူရောင်ဘောင်းဘီရှည်နဲ့ တွဲဝတ်ထားတဲ့နှောင်းဟာ ညတုန်းက နှောင်းတို့ထိုင်ခဲ့တဲ့ သစ်သားခုံရှည်ပေါ်မှာ ခြေထောက်နှစ်ဖက်ကို ခုံပေါ်တင်ကာထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ အိမ်မှာလည်း တီမြိုင်တို့လူကြီးတွေရယ် မမမြတ်တို့မိသားစုရယ် ကိုကောင်းပြည့်တို့အတွဲရယ်က ဘုရားဖူးရင်း ဂူတွေထဲသွားလည်ပတ်မယ်ဆိုပြီး နေ့လည် ၁၁နာရီလောက်ကတည်းက စားသောက်ပြီးတာနဲ့ ထွက်သွားကြတာဖြစ်သည်။
နှောင်းကတော့ ဘားအံဆိုတာ ခဏခဏရောက်နေတဲ့ နေရာဖြစ်တာမို့ အထူးတလည် လည်ပတ်ချင်စိတ်မရှိပေ။ နှောင်းက ဒီလိုရက်ရှည်ခရီးဆို ဟိုတယ်ခန်းထဲမှာပဲ နေကာ စားလိုက် အိပ်လိုက် ဖုန်းသုံးလိုက် စာဖတ်လိုက်လုပ်ပြီး အပန်းဖြေအနားယူချင်တဲ့လူမျိုးဖြစ်သည်။ ခုတော့ အိမ်မှာ နှောင်းတို့သူငယ်ချင်း သုံးယောက်သာ ရှိသည်။
ဦးကတော့ ထုံးစံအတိုင်း သူလည်း အေးအေးလူလူမို့ တီမြိုင်တို့သွားကတည်းက အခန်းထဲမှာဖြစ်သည်။ နှောင်းလည်း အစက အားလုံးကို မျက်နှာပူတာနဲ့ပဲ စားသောက်ပြီး အခန်းထဲဝင်ကာ ဖုန်းသုံးနေပေမယ့် လင်းကလည်း အခန်းထဲဝင်လာကာ နှစ်ယောက်သားစကားပြောလိုက်ကြပြီး လင်းက တစ်ရေးတစ်မောအိပ်ချင်တယ်ဆိုတာကြောင့် အေးဆေးအိပ်လို့ရအောင် စာအုပ်တစ်အုပ်နဲ့ အပြင်ထွက်လာခဲ့ခြင်းဖြစ်သည်။ Airpods ကို နားမှာတပ်ကာ ဖုန်းထဲက Meditation Music ကို ဖွင့်ကာနားထောင်နေပြီး စာအုပ်ဖတ်ရတဲ့ အရသာက ဘာနဲ့မှလဲလို့မရအောင် စိတ်ကိုအေးချမ်းစေသည်။
ရေကူးကန်ဘေးမှာ စာထိုင်ဖတ်နေတဲ့ မ,ကိုတွေ့တာနဲ့ စေ အခန်းထဲကနေထွက်ကာ မ,ရှိရာကို လှမ်းလာခဲ့လိုက်သည်။ အမေတို့နဲ့စကားပြောဆိုပြီးနောက်မှာ ထမင်းစားချိန်ကလွဲလို့ မ,မျက်နှာလေးကို မတွေ့ရ။ ဒီနေ့လည်ပတ်မယ့်ခရီးစဉ်မှာ မ,မလိုက်ဘူးဆိုတာနဲ့ စေလည်း နေခဲ့ခြင်းဖြစ်ကာ စေ့ကိုရှောင်နေတဲ့ ချစ်ရသူကို အမိဖမ်းဖို့စောင့်နေလိုက်သည်။လည်ပင်းအောက်ကနေစပြီး တစ်ကိုယ်လုံး အသားအရည်ကိုမမြင်နိုင်လောက်အောင် အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ထားတဲ့ မ,က စိမ်းစိုနေတဲ့သဘာဝအလှကြီးထဲမှာ အကြည့်မလွှဲနိုင်လောက်အောင် လှပလွန်းနေသည်။