Chapter 9

352 54 10
                                    

(Unicode)

နုံခိုင်မြို့ကိုရောက်ရောက်ချင်း တည်းခိုဖို့နေရာအတွက် ဌာနမှူးကစီစဉ်ပေးသည်။ အမှုကိစ္စအတွက်လာတာဆိုတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ တခမ်းတနားလုပ်လို့တော့မဖြစ်။ ထို့ကြောင့် Interpol ကလူတွေနေတဲ့နေရာမှာပင် ဟန်နွေးက တစ်ခန်းသပ်သပ်ရပြီး နေရသည်။

အိမ်က ထိုင်းရိုးရာသစ်သားအိမ်ဖြစ်ပြီး ဟန်နွေးကို အပေါ်ထပ်ကအခန်းထဲမှာထားသည်။ အခန်းထဲရောက်တော့ အိပ်ယာပေါ် ဟန်နွေးလှဲချပစ်လိုက်သည်။ မောပန်းနွမ်းနယ်မှုတွေကြောင့် နုံးအီပြီး မလှုပ်ချင်တဲ့အထိတောင်ဖြစ်နေသည်။

ဟူဒီကိုချွတ်ပစ်လိုက်တော့ အောက်ခံဝတ်လာတဲ့ခပ်ပါးပါးတီရှပ်တစ်ထည်သာကျန်သည်။ အဝတ်အစားအပိုလည်းပါမလာ၊ နုံခိုင်မှာ ဘယ်နှရက်နေရမှန်းမသိ ဘာမှကြိုတင်ပြင်ဆင်မှုမရှိဘဲ ကောက်ကာငင်ကာလိုက်လာတာ ဖုန်းအားသွင်းကြိုးတောင်ယူမလာနိုင်ခဲ့။

"အစ်ကိုတရားခံဖမ်းနေပြီလားမသိဘူး"

အတွေးတစ်ခုနဲ့အတူ ဟန်နွေးရဲ့အာရုံထဲမှာ ချမ်းထက်ခေါင်က စတင်တွယ်ချည်လာသည်။ ချည်ပြီးရင်းချည်ခဲ့တာကြောင့် ဖြည်မရတဲ့အထုံးတစ်ခုအထိဖြစ်လာခဲ့ရင် ဟန်နွေးဘာဆက်လုပ်နိုင်မလဲစဉ်းစားလို့မရ။ အဓိက ကိုယ်ချစ်နေတာ သူသိအောင် ပြောပြနိုင်ဖို့ အခွင့်အရေးတော့ ရအောင်ရှာမည်။ ဖြစ်နိုင်ရင် ဒီအမှုပြီးတာနဲ့ ချမ်းထက်ခေါင်ကို ပိုးပန်းနိုင်ဖို့ ဟန်နွေးတွေးဆထားသည်။

ဒေါက်-ဒေါက်

အခန်းတံခါးခေါက်သံကြောင့် အိပ်ယာပေါ်ကနေကုန်းရုန်းထကာ တံခါးဖွင့်ပေးလိုက်သည်။

"ဆရာဟန်နွေးအနားယူနေတာလား"

"ရပါတယ်ဗျ...ဘာကိစ္စရှိလို့လဲမသိဘူး"

"ဒီပုံက CCTV Room ကဝန်ထမ်းပြောပြချက်အတိုင်းဆွဲထားတဲ့ပုံပါ...ဒါကတော့ အဲ့ဒီဝန်ထမ်းဆွဲပြတဲ့ တရားခံရှိနေနိုင်မယ့်နေရာပါ၊ ဌာနမှူးကပေးခိုင်းလို့"

"ဪ ဟုတ်ကဲ့"

ဟန်နွေးက စာရွက်နှစ်ရွက်ကိုယူထားလိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။ ပထမပုံက ပုံတူပန်းချီဆရာဆွဲထားတဲ့ပုံ။ သူပြောပြတဲ့ပုံနဲ့ တစ်ထေရာတည်းတူနေပြီး နောက်တစ်ပုံကတော့ တရားခံရှိနေနိုင်မယ့်နေရာအဖြစ် လမ်းကြောင်းဆွဲထားတာဖြစ်သည်။ ဒုတိယစာရွက်ကတော့ သူနဲ့မဆိုင်ဟု ဟန်နွေးမှတ်ယူလိုက်သည်။ တရားခံရှိတဲ့နေရာကို စုံထောက်တွေသာလျှင် သိဖို့လိုသည်ဟုတွေးပြီး အနီးက စားပွဲခုံပေါ်တင်လိုက်သည်။

Darling DearestWhere stories live. Discover now