Chapter 47

244 26 14
                                    

(Unicode)

၁၉၉၁ခုနှစ်၊ နွေဦး။

မန္တလေးဆေးရုံကြီးတွင် အဖြူအနီဝတ်သူနာပြုလေးတွေ အလုပ်များနေကြသည်။ မကြာသေးခင်ကမှဖြစ်ပွါးခဲ့ကြတဲ့မတော်တဆမှုလေးတွေကြောင့် သူနာပြုတွေက အနီးကပ်ကြည့်ရှူ့စောင့်ရှောက်ပေးနေရသည်။

"မြ ပြန်တော့မလို့လား"

"ဟုတ်တယ်မမ၊ မြ ညဉ့်နက်ခါနီးမှ ပြန်လာရမှာ"

ဂျူတီလဲချိန်ဖြစ်တဲ့အတွက် ချမ်းမြက အဆောင်ခဏပြန်ပြီး ရေချိုးမိုး၊ ထမင်းစားပြီးမှ ပြန်လာရမည်ဖြစ်သည်။

"အေးပါ၊ မြတို့လိုကလေးတွေလာကူပေးလို့တော်ကာကြတာပေါ့"

မြတို့လိုကလေးတွေဟူ၍ သူနာပြုခေါင်းဆောင်ကပြောတော့ ချမ်းမြပြုံးမိသည်။ ဟုတ်လည်းဟုတ်ပေသည်။ ချမ်းမြက ကျောင်းမှမပြီးသေးဘဲကိုး။ မန္တလေးသူနာပြုသင်တန်းကျောင်းက တတိယနှစ်ကျောင်းသူအဖြစ် ပညာသင်ကြားနေဆဲဖြစ်သည်။ သို့ပေမယ့် ချမ်းမြက ကျောင်းမှာအတော်ဆုံးကျောင်းသူဖြစ်သည့်အားလျော်စွာ ပြုစုကုသရေးပိုင်းမှာလည်း သူမတူအောင် ကျွမ်းကျင်သည်။ ဒါ့ကြောင့် တတိယနှစ်နဲ့တင် ဆေးရုံကြီးမှာ သူနာပြုအကူအဖြစ် အချိန်ပိုင်းအနေနဲ့ အလုပ်သင်ဆင်းဖို့ဖြစ်လာရသည်။

"မြပြန်ပြီနော်"

ချမ်းမြကနှုတ်ဆက်ပြီး ဆေးရုံကြီးကနေထွက်လာခဲ့သည်။ လက်ပတ်နာရီကိုငုံ့ကြည့်တော့ လက်တံအတိုက ၅ကိုညွှန်ပြနေသည်။ မိုးလင်းကတည်းက အလုပ်တွေများနေလိုက်တာ ညနေဆည်းချုပ်မှပဲ ပြန်နိုင်တော့သည်။ ဒါပေမယ့် သူနာပြုလုပ်ရတာကို ချမ်းမြက မောတယ်ပန်းတယ်သဘောထားတတ်သူမဟုတ်။ ချမ်းမြကိုယ်တိုင်ကိုက ဝါသနာကြီးလွန်းလို့ ဆယ်တန်းပြီးကတည်းက ကျောင်းဆက်မတက်ခိုင်းတော့တဲ့၊ သူအရမ်းကြောက်ရတဲ့ဒေါ်လေးနဲ့ အတိုက်အခံလုပ်ပြီး တက္ကသိုလ်ရအောင်တက်ခဲ့ခြင်းဖြစ်သည်။ လူတွေကိုကူညီရတာကြိုက်တဲ့ချမ်းမြက သူနာပြုလုပ်ရတာကိုပင် ဂုဏ်ယူလျက်ရှိသူဖြစ်သည်။

အဆောင်ပြန်ရောက်တော့ ခဏနားပြီး ခြေလက်ဆေးကာ ထမင်းနဲ့ဟင်းကိုအရင်ချက်သည်။ ပြီးမှ ရေချိုးကာ ကုတင်ပေါ်မှာ ခေတ္တလှဲနေလိုက်၏။ ထိုသို့လှဲနေစဉ်အတွင်းမှာ ချမ်းမြဆီကိုရောက်နေတဲ့စာတစ်စောင်ကို ဖောက်ဖွင့်ဖတ်လိုက်သည်။

Darling DearestWhere stories live. Discover now