Chapter 33

218 32 12
                                    

(Unicode)

အိမ်ရဲ့အပြင်ဘက်မှာဆိုရင် ပေါ့ပါးနေတတ်တဲ့ခြေလှမ်းတွေဟာ အိမ်ထဲရောက်တာနဲ့ လေးလံသွားတတ်သည်။ အခြားသူတွေအတွက် အိမ်ဆိုတာ ဘယ်လိုဖြစ်တည်မှုမျိုးဟု အဓိပ္ပာယ်ဖွင့်မလဲမပြောတတ်ပေမယ့် ဂျူးကောင်းထွဋ်အတွက်ကတော့ အိမ်ဆိုတာ သူမပြန်ချင်တဲ့ဖြစ်တည်မှုတစ်ခုနဲ့ သူ့ဘဝထဲမှာ တည်ရှိနေသည်။

"ဂျူးကောင်းထွဋ်"

ကြည်လင်ပီသစွာခေါ်လိုက်တဲ့အမျိုးသမီးတစ်ယောက်။ သူဟာ တစ်ကိုယ်လုံးကို စိန်စီခြယ်ရံထားသည်။ ဝတ်ထားစားထားပုံမှာလည်း ဂုဏ်ကျက်သရေရှိလူကြီးလူကောင်းတစ်ယောက်ပမာဖြစ်ပြီး လှပကျော့ရှင်းနေသည်။ ဒါပေမယ့် မျက်နှာမှာတော့ မျက်မာန်တင်းကာ ဒေါသတွေရှိနေတာမို့လို့ ကြည့်လို့မကောင်းဖြစ်နေသည်။

"ဟုတ်"

"ဒီကိုလာဦး"

အပေါ်ထပ်ကိုတက်ဖို့ လှေကားရင်းကိုနင်းတော့မည့်အချိန်မှာ ထိုအမျိုးသမီးက လေသံမာမာနဲ့ခေါ်သည်။ ဒါ့ကြောင့် ဂျူးကောင်းထွဋ်က စိတ်ညစ်စွာ သက်ပြင်းခိုးချပြီး တစ်ဖက်လှည့်ကာ ဟန်ဆောင်ပြုံး၍ လျှောက်သွားသည်။

"မနက်က ဘာတွေလုပ်ခဲ့လဲ"

"ရှင် ဘာကိုမေးတာလဲမာမီ"

"မသိချင်ယောင်ဆောင်မနေနဲ့...နင်မနက်က ဆိုင်မှာ ဘယ်သူနဲ့တွေ့ခဲ့လဲ"

"မာမီရယ် လူတွေအများကြီးနဲ့အလုပ်လုပ်နေရတာ၊ တွေ့တဲ့သူတွေအများကြီးပေါ့"

မိခင်ဖြစ်သူရဲ့မေးခွန်းတွေကြောင့် ဂျူးကောင်းထွဋ်ရဲ့စိတ်ဟာ စတင်ကျဉ်းကျပ်လာပြီ။

"မာမီ့ကိုဘယ်သူဘာလာပြောထားလို့လဲ"

"ငါမေးတာပဲဖြေပါ...မနက်က နင်နဲ့အရမ်းရင်းနှီးတဲ့ပုံပေါက်တဲ့ကောင်မလေးကဘယ်သူလဲ"

ဂျူးကောင်းထွဋ်က စိတ်ရှူပ်စွာနဲ့ မျက်နှာလွှဲလိုက်သည်။

"မဖြေနိုင်ဘူးလား"

"သူငယ်ချင်းပါမာမီ၊ ဒီမြို့ကိုအလည်လာတုန်း သမီးနဲ့လာတွေ့တာ၊ ဘာထူးဆန်းလို့လဲ"

ဂျူးကောင်းထွဋ်ရဲ့အမေ ဒေါ်စုစုခိုင်က မျက်လုံးလေးမှေးကာ ဂျူးကောင်းထွဋ်ကိုကြည့်သည်။ ဘာကိုမသင်္ကာဖြစ်နေမှန်းမသိအောင် ထိုစူးစမ်းတဲ့အကြည့်တွေကြားထဲမှာ ဂျူးကောင်းထွဋ်ခမျာ အလွန့်ကိုနေရကြပ်လျက်ရှိသည်။

Darling DearestWhere stories live. Discover now