Chapter 50

194 26 15
                                    

(Unicode)

သစ်သားအိမ်လေးရဲ့အခန်းငယ်တစ်ခုအတွင်းတွင် Laptop ၌ စာရိုက်သံဟာ တထောက်ထောက်နဲ့ ထွက်ပေါ်လာသည်။ စာတမ်းကိုအချိန်မီတင်နိုင်ဖို့အတွက် သည်းကြီးမည်းကြီးကြိုးစားနေသူက ဟန်နွေးပင်ဖြစ်သည်။

ငယ်ဘဝရဲ့စိတ်ဒဏ်ရာတွေက အသက်ကြီးလာတဲ့အခါ ဘယ်လိုအထီးကျန်မှုမျိုးကိုဖြစ်စေသလဲဆိုတဲ့အချက်အလက်တွေကို ဟန်နွေးအနေနဲ့ သေချာစုစည်းပြီးဖြစ်သည်။ ဒါ့အပြင် အထီးကျန်မှုကို ကုသပေးနိုင်မယ့်နည်းလမ်းတွေနဲ့အတူ အနုပညာကုထုံးဆိုင်ရာလေ့လာချက်တွေကိုလည်း တစ်ပါတည်းတွဲမှတ်ထားပြီးဖြစ်လေသည်။ တကယ်ဆို ကွင်းဆင်းနားထောင်မှုတွေလုပ်ရမည်ဖြစ်သော်လည်း ဟန်နွေးခမျာ ချမ်းထက်ခေါင်ကိုထားခဲ့ပြီး လျှောက်မသွားနိုင်သေး။ လက်တွေ့,တွေ့ရှိချက်ကဏ္ဍအတွက်တော့ ဟန်နွေး အချိန်ခဏတော့ဆွဲရဦးမည်။

Ring Ring

အတွေးကောင်းနေတုန်း ဖုန်းဝင်လာသည်။

"ပြော"

("First Draft ပို့ပြီးပြီ...ငါ့ကိုပြန်ပို့ပေးဦး")

"ခဏစောင့်ဦး၊ ပြီးခါနီးပြီ"

("ဘာလို့အရမ်းကြာရတာလဲ၊ ငါ့မှာ Second Draft တောင်ပြီးလို့ ငါတို့ Third Year Hons တုန်းကပါမောက္ခဆီတောင် စစ်ပေးရအောင် ပို့ပေးလိုက်ပြီ")

"ဖူးဖူးရာ...ငါ့မှာလည်း ငါ့အကြောင်းနဲ့ငါပါ၊ အချိန်တန်တော့လည်း ပြီးအောင်ရေးတင်မှာပေါ့"

("အေးပါ၊ ငါက နင်စာမလုပ်ဘဲ ဘဲကိုချည်းထိုင်ကြူးနေမှာစိုးလို့ပြောတာ")

"အပိုတွေကစပြီ...နင်ရော ဂျူးနဲ့အဆင်ပြေလား"

("ပြေတာပေါ့၊ တွဲခါစဆိုတော့ အရမ်းရင်ခုန်တာပဲ")

"ဖူးဖူး...နင်သူနဲ့တွဲနေပြီဆိုရင် စဉ်းစားရမှာနှစ်ခုရှိတယ်၊ နင့်မာမားနဲ့ဂျူးရဲ့အမေပဲ၊ နင်တို့တစ်သက်လုံးချစ်သွားမှာသေချာပြီဆိုရင် မိဘတွေလက်ခံနိုင်ဖို့အတွက်ကိုတော့ အခုတည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ငါထင်တယ်"

ဟန်နွေးက ဒီလိုပြောတော့ တစ်ဖက်ကပြည့်ရည်ဖူးက သက်ပြင်းချလိုက်တာကို ဖုန်းထဲကနေကြားလိုက်ရသည်။

Darling DearestWhere stories live. Discover now