(Unicode)
ဆိုင်ထဲမှာသီချင်းသံအသစ်ပျံ့လွင့်လာသည်။ မြူးကြွတဲ့ဘက်ကနေ နူးညံ့တဲ့ဘက်ကိုရောက်လာတဲ့သီချင်းသံအောက်မှာ လူတွေဟာ အေးအေးဆေးဆေးကနေကြသည်။
ဘားကောင်တာမှာတော့ လူနှစ်ယောက်ဟာ အကြည့်ချင်းဆိုက်လျက်ရှိသည်။ မျက်တောင်မခတ်တမ်းငေးနေကြပြီး တစ်ချက်တစ်ချက် မျက်စိရှေ့မှပျောက်ကွယ်သွားမှာစိုးသယောင်နဲ့ စူးစိုက်ကြည့်နေကြပြန်သည်။
ခံစားချက်တွေ... ဟန်နွေးရဲ့ခံစားချက်တွေက ရင်ဘတ်ထဲမှာ ဝရုန်းသုန်းကားဖြစ်နေသည်။ ချမ်းထက်ခေါင်ဆီကနေ ဒီလိုအကြည့်တွေမရဖူးတော့ အသည်းနှလုံးတွေသွက်သွက်ခါလှုပ်ရှားနေသည်။ ထိုသို့ စူးရဲတဲ့အကြည့်တွေအောက်မှာ ဟန်နွေးပျော့ခွေကျချင်သည်။ စိတ်ခံစားချက်တွေကိုလည်း အပြင်းအထန်ထိန်းချုပ်ထားရသည်။ ထို့ကြောင့် မနေနိုင်စွာနဲ့ ဟန်နွေးကပင် အရင်ဦးဆုံး အကြည့်လွှဲကာ Martini တစ်ခွက်ထပ်မှာသောက်သည်။
ချမ်းထက်ခေါင်ကတော့ သူ့ဆီကနေအကြည့်လွှဲသွားတဲ့ဟန်နွေးရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေဆဲဖြစ်သည်။ သူမကြိုက်ခဲ့ဖူးတဲ့ဆံပင်ရှည်တွေဟာ ဒီနေ့မှာ သူနှစ်ခြိုက်စွာဖြင့် ထိကိုင်ကြည့်ချင်လာသည်။ တစ်ခါတစ်ခါ ဆံပင်ရှည်တွေဆီမှ လာဗင်ဒါရနံ့ဟာ သူ့နှာဖျားဝဆီ ပွတ်တိုက်ကျီစယ်ရန်ရောက်လာတတ်သည်။ ထိုအခိုက်တိုင်းမှာ သတိဖယ်ခွါသွားပြီး ရနံ့မှာမူးရစ်ရသည်။
ဟန်နွေးက အသစ်ရောက်လာတဲ့ Martini တစ်ခွက်ကို ချက်ချင်းကောက်ယူကာ မသောက်သေးခင်စပ်ကြား ချမ်းထက်ခေါင်ကိုလှည့်ကြည့်သည်။ ချမ်းထက်ခေါင်က စူးစိုက်ကြည့်နေဆဲနဲ့တိုးချိန် ခွက်ကိုကိုင်ပြီး တစ်ကျိုက်တည်းမော့သောက်ရာ မတော်တဆ နှုတ်ခမ်းဝမှ Martini အချို့ စီးကျကုန်သည်။
ရုတ်တရက်ပင် ချမ်းထက်ခေါင်က လျင်မြန်စွာ ဟန်နွေးရဲ့နှုတ်ခမ်းထောင့်ကို လက်မနဲ့ဖိကာပွတ်ဆွဲ၍ Martini တွေထပ်မံမစီးကျစေရန် သုတ်ပေးသည်။ ထိုအချိန်မှာ ဟန်နွေးရဲ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်လုနီးပါးလှုပ်ရှားသွားသည်။ မျက်နှာချင်းဆိုင်အနေအထားနဲ့ ချမ်းထက်ခေါင်ကို တန်ပြန်ကြည့်နေမိသည်။ ထိုအခါ ချမ်းထက်ခေါင်က သတိပြန်ကပ်သွားသလိုနဲ့ ဟန်နွေးနှုတ်ခမ်းနားမှ သူ့လက်ကို ပြန်ရုတ်သိမ်းဖို့ပြင်ချိန် ဟန်နွေးက အမြန်ဖမ်းဆွဲ၍ လက်ကလေထဲမှာရပ်တန့်သွားရသည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...