(Unicode)(Part 8)
"မာန်...ခင်ဗျားဘာဖြစ်တာလဲ"
"မေမေ သားကြောက်တယ်"
လွန်ခဲ့သော ၄၅ မိနစ်။
မာန် မနက်ဖြန် အလုပ်သွားရန်အတွက် ပြင်စရာရှိတာများကို ပြင်ဆင်ပြီးနောက် ညနေစာချက်ပြုတ်ရန်အတွက် အောက်ထပ်သို့ဆင်းလာခဲ့သည်။ မီးဖိုခန်းထဲဝင်လိုက်ရင်း စားပွဲပေါ်တွင်ရှိသော ပေါင်မုန့်ထုပ်အားကြည့်ကာ
"မနက်ဖြန် ထမင်းချက်အဒေါ်ကြီးတို့ လာမှာဆိုတော့ အခုရှိတာပဲစားလိုက်တော့မယ်...ဘာမှလုပ်မနေတော့ဘူး"
တစ်ယောက်တည်းပြော တစ်ယောက်တည်း ခေါင်းညိတ်ပြီးနောက် မနက်ကကျန်သော ပေါင်မုန့်အချို့အား မီးကင်လိုက်ပြီး နွားနို့ကိုလည်း အပူပေးထားလိုက်သည်။ အားလုံးပြီးစီး၍ နာရီကိုကြည့်မိတော့ ၅နာရီခွဲဖို့ ၅ မိနစ်သာလိုတော့သည်။
"နည်းနည်း စောသေးတယ်...ခဏနေမှစားတော့မယ်"
ပေါင်မုန့်နဲ့ နွားနို့ကို စားပွဲပေါ်တင်ကာ အုပ်ဆောင်းဖြင့်အုပ်ထားခဲ့ပြီး ခြံထဲသို့ထွက်လာကာ အခုချိန်ထိ ပြန်မလာသေးသော သမီးတော်အား ရှာပုံတော် ဖွင့်တော့သည်။
"သမီးရေ...ပါးသမီးလေးရေ"
ပတ်ဝန်းကျင်တစ်ခွင်က ငြိမ်သက် တိတ်ဆိတ်နေကာ မာန့်အသံလေးသာ ထွက်ပေါ်နေတော့သည်။ လေပြည်လေးများ ဝေ့၀ဲတိုက်ခတ်သွားချိန် မာန့်ဆံပင်လေးများက ယိမ်းနွဲ့ကခုန်နေကြသည်။
"သမီးရေ...ပါးပါးသမီးလေး လာတော့လေ... ခဏနေဆိုမှောင်တော့မယ် သမီးရဲ့"
မာန် သစ်ပင်ကြီးများ၏ အနောက်ဘက်တွင်လိုက်ရှာသော်လည်း မတွေ့။ ခြံထဲတွင် သစ်ပင်ကြီးများက ဆယ်ပင် ဆယ့်ငါးပင်လောက်ရှိသည်။ ငုဝါ၊ ကံ့ကော်၊ သရဖီ၊ ပုန်းညှက်၊ ပိတောက်၊ ခရေစသော ပန်းပင်များအပြင် သရက်ပင်၊ မာလကာပင်၊ နှင်းသီးပင်တို့လည်းရှိသည်။သစ်ရွက်များဖြင့် အုပ်ဆိုင်းနေသော အပင်ကြီးများကြောင့် နေသာသော အချိန်များတွင်တောင် ခြံထဲသို့ နေရောင်ကျဖို့ ခဲယဉ်းလှသည်။
"သမီးရေ...ပါးသမီး..."
"ဂျိန်း!!"
သမီးပျောက်ရှာပုံတော်ဖွင့်နေစဉ် ကြားလိုက်ရသော မိုးကြိုးပစ်ချသံကြောင့် မာန့်ကိုယ်လေး တုန်တက်သွားရသည်။ရုတ်တရက် ရွာချလာသော မိုးများကြောင့် မာန်အသိအာရုံတွေက သူ့အသက် ၆ နှစ်ကျော် ၇ နှစ်တုန်းက မိုးရေထဲပြေးလွှားနေခဲ့သော ပုံရိပ်များကို ပြန်မြင်ယောင်လာရသည်။ ကြောက်စိတ်များကြောင့်လည်း ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်ယင်လာသည်။ မျက်ရည်များကလည်း မိုးနဲ့အပြိုင် ရွာသွန်းလို့လာသည်။ မာန် ထိုနေရာတွင်ပင် အရုပ်ကြိုးပြတ် ပြိုလဲကျသွားတော့သည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)