(Unicode)(Part 26)
မာန် အိပ်ရာမှ နိုးလာတော့ သူ့စိတ်များက ထူးဆန်းစွာပင် လန်းဆန်းနေသည်။ ခါတိုင်းနေ့များဆို မနက်အိပ်ယာနိုးတိုင်း စိတ်တွေထိုင်းမှိုင်းနေတတ်သော်လည်း ယနေ့တွင်တော့ မာန့်စိတ်က အတော်လေးအေးချမ်းနေသည်။
ညက အိပ်မက်ထဲ တစ်စုံတစ်ယောက်က သူ့အားလာဖက်ပေးထားခဲ့သည်။ ထိုသူ၏ ရင်ခွင်က နွေးထွေးလွန်းတာကြောင့် မာန် အတိုင်းအဆမရှိ တိုးဝင်ခဲ့သည်။ ထိုသူက မာန့်မျက်နှာအား မော့စေကာ နှုတ်ခမ်းထက် အနမ်းတို့ခြွေချခဲ့သေးသည်။ ထိုအနမ်းသည် မာန့်အတွက် နွေးထွေးသော ကြင်နာသော အနမ်းမျိုးဖြစ်ခဲ့သည်။
မာန့် သူ့နှုတ်ခမ်းလေးအား လက်ချောင်းကလေးများဖြင့် ဖွဖွထိကာ အိပ်မက်ထဲမှ ထိုသူ၏ မျက်နှာအားပုံဖော်ကြည့်နေမိသည်။ သို့သော် သူဘယ်လိုမှပုံဖော်၍ မရပေ။ နှုတ်ခမ်းဖူးဖူးလေးအား လက်ဖြင့်ပွတ်ဆွဲရင်း
"ငါမင်းကို ထပ်တွေ့ချင်တယ်... ငါရဲ့ နွေးထွေးရာရပ်ဝန်းလေး"
'ဒေါက်... ဒေါက်... ဒေါက်...'
မာန်တစ်ယောက်တည်း စကားဆိုနေတုန်း ထွက်ပေါ်လာသော တံခါးခေါက်သံ။ မာန်လည်း ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရသော ခွန်းဆက်။
စောစောစီးစီး မမြင်ချင်တဲ့မျက်နှာကို မြင်ရပြန်ပြီ.....
"ဟိတ် အတွေးထဲ ကျွန်တော့်ကို ပြစ်မှားမနေနဲ့... အန်တီမိုး ခေါ်ခိုင်းလို့ လာခေါ်တာ"
"အားအားယားယား မင်းကိုပြစ်မှားစရာလား... ရူးသွားရင်တောင် မဖြစ်နိုင်ဘူး"
မာန်က နှုတ်ခမ်းကို မဲ့ရွဲ့ကာ ပြောတော့ ခွန်းဆက်က ဟက်ခနဲ တစ်ချက်ရယ်ကာ
"အေးပေါ့လေ... အရူးကို မင်းရူးနေလားလို့ သွားမေးရင် မရူးဘူးလို့ပဲ ဖြေမှာပေါ့"
ခွန်းဆက် မထီသလို မျက်နှာပေးနှင့် ပြန်ပြောတော့ မာန်က မျက်မှောင်ကြုတ်ကာ ခွန်းဆက်အား မော့ကြည့်လိုက်သည်။ ခွန်းဆက်က မာန့်ထက် အရပ်ပိုရှည်သည်ကြောင့် မာန်မော့ကြည့်နေရခြင်းဖြစ်သည်။ အဝေးကနေဆို သိပ်မသိသာသော်လည်း အခုလိုမျက်နှာချင်းဆိုင် ရပ်နေသည့်အချိန်များတွင် သိသိသာသာကို မော့ကြည့်နေရသည်။ ခွန်းဆက်အား မော့ကြည့်နေရသည်ကြောင့် မာန်မျက်နှာလေးက တဖြည်းဖြည်းစူပုပ်လာကာ နီရဲရဲနှုတ်ခမ်းလေးနှစ်ခုကလည်း ရှေ့သို့ မသိမသာ ဆူထွက်လာသည်။ ထိုဖြစ်စဉ်ကို ကြည့်နေသော ခွန်းဆက်မှာတော့ အာခေါင်များပင် ခြောက်လာပေသည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)