(Unicode)(Part 67)
"ဒိုင်းးးး"
"မာန်!!!! "
ခွန်းဆက် မာန့်နာမည်အား အလန့်တကြားခေါ်ရင်း နောက်ကိုလှည့်ကြည့်မိတော့ မာန်က သူ့အားအလှပဆုံးပြုံးပြနေသည်။ မာန်၏ ထိုအပြုံးကြောင့် ခွန်းဆက်ရင်ထဲ ဆို့တက်လာပြီး တစ်ခုခုအား ဆုံးရှုံးလိုက်ရပြီဟူသော ခံစားချက်ကြီးက အတိုင်းအဆမဲ့ ဝင်ရောက်လာသည်။ ခွန်းဆက် မျက်ဝန်းတို့တွင်လည်း ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းနှင့် ထိတ်လန့်ခြင်းတို့၏ အရောင်မျိုးမျိုးဖြတ်သန်းနေကြသည်။ ခွန်းဆက် မာန့်ကိုကြည့်နေတုန်းမှာပင် မာန်၏နှုတ်ခမ်းထောင့်တစ်ဖက်မှ သွေးတို့ယိုစီးကျလာပြီး ကိုယ်လေးက ယိုင်ကျသွားသည်ကြောင့် ခွန်းဆက် မာန့်ခန္ဓာကိုယ်လေးအား လှမ်းထိန်းလိုက်ရသည်။
"မောင်...အဟွတ်!"
မာန် ချောင်းဆိုးရင်း ပါးစပ်မှသွေးတို့ အန်ထွက်လာသည်။မာယာကတော့ မာန့်ပုံစံကိုကြည့်ရင်း ကျေနပ်စွာ တဟားဟားအော်ရယ်နေတော့သည်။
"ဟားဟား...နင့်လိုကောင်မျိုးက ဒါမျိုးနဲ့ပဲတန်တယ် ဟားဟား"
ခွန်းဆက်လည်းမြေပြင်ပေါ် ထိုင်ချလိုက်ရင်း မာန့်ကိုယ်လေးအား ရင်ခွင်ထဲပိုက်ထားသည်။ မာန်၏ ရင်ဘက်တစ်နေရာမှ သွေးတို့က လျှံထွက်လာနေပြီး ကုတ်အနက်ကိုတောင် သွေးရောင်တို့လွှမ်းသွားစေသည်။ ခွန်းဆက် သွေးတစိမ့်စိမ့်ထွက်နေသော မာန့်ရင်ဘက်ကို ဖိထားပေးရင်း မျက်ရည်တို့ကကျလာသည်။ ထိုအချိန် မင်းမြတ်နဲ့ မိုးထက်ကလည်း အပြေးရောက်လာကာ ခွန်းဆက်ရင်ခွင်ထဲမှ မာန့်အား သွေးတိတ်အောင် အမျိုးမျိုးကြိုးစားနေသည်။ ကောင်းထက်ကတော့ ဆေးရုံကားအား လှမ်းခေါ်နေပြီဖြစ်သည်။ ကြယ်စင်ကတော့ မာန့်အား မျက်ရည်ပြည့်သော မျက်လုံးများနှင့်ကြည့်နေသည်။ သော်တာနှင့် လင်းသာမှာတော့ မာယာတစ်ခုခုထပ်လုပ်လာမည်ကို စိုးရိမ်စွာ သတိအနေထားဖြင့် စောင့်ကြည့်နေသည်။ သို့သော် မာယာကတော့ သူတို့မထင်ထားသည်ကို လုပ်သွားလေသည်။
မာန့်အားကြည့်ရင်း ငိုနေသောခွန်းဆက်ကိုကြည့်ကာ မာယာနာကျင်စွာ မျက်ရည်များကျလာခဲ့သည်။ သူမသိပ်မုန်းသော အလင်္ကာမုန်းမာန် မရှိတော့လျှင်တောင် ကိုကို့ဆီက အချစ်အား သူမရရှိနိုင်မည်မဟုတ်တော့။ ကိုကို မချစ်တဲ့ဘဝမှာ သူမ အသက်မရှင်ချင်ပါ။ ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာချလိုက်ပြီး နားထင်ကို သေနတ်နဲ့ ထောက်လိုက်တော့သည်။ ခဏအကြာ သေနတ်သံနောက်တစ်ချက်က ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် မာယာ၏ ခန္ဓာကိုယ်လေးသည် မြေပြင်ပေါ် သက်ဆင်းသွားလေတော့သည်။ သေနတ်ခလုတ်အား မနှိပ်ခင် ပြောသွားသော စကားသံလေးများကိုတော့ အနားရှိလေပြည်တွေမှလွဲလျှင် မည်သူမျှ မကြားနိုင်ခဲ့ပေ။ ထိုစကားလေးကတော့ "မာယာ ကိုကို့ ကို သိပ်ချစ်တယ်" ဟူ၍။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)