(Unicode)(Part 1)
အချိန်အားဖြင့် ညနေ ၅ နာရီ။
တစ်နေ့တာလုံး အစွမ်းကုန် ထွန်းလင်းတောက်ပခဲ့သော ရောင်နီဖြာနေမင်းကြီးသည် မှေးစက်နားခိုရန်အတွက် တဖြည်းဖြည်း နိမ့်ဆင်းလာနေသည်။ နေမင်းကြီးမှ ဖြာထွက်ကျလာသော ပုစွန်ဆီရောင် ရောင်ခြည်တို့သည် တိမ်တွေကြားထဲမှတစ်ဆင့် ပတ်ဝန်းကျင်သို့ ယှက်ဖြာကျနေသည့် နေဝင်ချိန်သည် ရင်သပ်ရှုမောဖွယ်ဖြစ်နေသည်။ ကောင်းကင်တစ်ခွင်တွင်လည်း နေအိမ်အသိုက်အမြုံရှိရာသို့ ပြန်လည်ကာ ပျံသန်းနေသော ငှက်ကလေးများက ဟိုတစ်စုဒီတစ်စုနှင့် နေဝင်ချိန်ကို သူတို့နည်းသူတို့ဟန်ဖြင့် တစ်မျိုးတစ်ဖုံ အလှဆင်ပေးနေသည်။
လှပသော နေဝင်ချိန်နှင့်အပြိုင် စီးပွားရေးလောကတွင် ဘုရင်တစ်ဆူဖြစ်သော ခွန်းမိသားစုပိုင်သည့် ဟိုတယ်တစ်ခုတွင် ကျင်းပသော မင်္ဂလာပွဲသည်လည်း အပြင်အဆင်များနှင့် မီးေရာင်များ၏ ပံ့ပိုးမှုဖြင့် နေဝင်ချိန်ကို အန်တုယှဉ်ပြိုင်ကာ ခမ်းနားလှပနေသည်။
ကားကြီးကားငယ် အသီးသီးဖြင့် တဖွဲဖွဲကျရောက်လာသော ပွဲလာဧည့်ပရိသတ်များနှင့် မင်္ဂလာပွဲသည် စည်ကားနေသည်။ ပွဲ၏အပြင်အဆင်နှင့် ကြွရောက်လာသော ဧည့်ပရိသတ်များ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် ထိုမင်္ဂလာပွဲ၏ အဓိကဇာတ်ဆောင်များမှာ သာမန်မိသားစုမှ မဟုတ်မှန်း ရိပ်စားမိနိုင်သည်။
စီးပွားရေးလောက၏ နံပါတ်တစ်အဖြစ်ရပ်တည်နေသော K group ခေါ် ခွန်း မိသားစု ဆက်ခံသူရဲ့ မင်္ဂလာပွဲဖြစ်သည့်အလျောက် ရောက်လာသူများမှာ အထက်တန်းလွှာများနှင့် နိုင်ငံရေးအကြီးအကဲများသာ ဖြစ်ကြသည်။
ခွန်းမိသားစုက တစ်ဦးတည်းသော သားဖြစ်သူ၏ မင်္ဂလာသတင်းအား ကြေညာချိန်တွင် မီဒီယာလောက၏ အာရုံစိုက်မှုကို ရုပ်ရှင်မင်းသား မင်းသမီးများထက်ပင် များစွာခံရခဲ့သည်။ ကံကောင်းသည့် မိန်းမပျိုလေးက ဘယ်သူများလဲဟူသော စိတ်ဝင်စားမှုက စီးပွားရေးလောကတွင် တောမီးသဖွယ် ပျံ့နှံ့လာခဲ့သည်။ ခွန်းမိသားစုနာမည်နှင့် မင်္ဂလာသတင်းက သတင်းစာများတွင် ခေါင်းကြီးပိုင်းအဖြစ်ပါဝင်လာခဲ့သည်။ သို့သော် ဆက်ခံသူ၏ အိမ်ထောင်ဖက်အား ခွန်းမိသားစုမှ ဖော်ထုတ်ပြသခြင်း မရှိခဲ့ပေ။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)