(Unicode)(Part 64)
၆လခန့်ကြာပြီးနောက်။
"မာန် ခဏနေရင် အစည်းအဝေးပွဲစမယ်"
ဖိုင်တွဲတစ်ခုအား သူ့ဆီကမ်းပေးရင်းပြောလာသော လင်းသာကို မာန် ခေါင်းသာညိတ်ပြလိုက်ပြီး ထိုဖိုင်တွဲအား လှန်လျောဖတ်ရှုနေလိုက်သည်။
"ပြောစရာရှိသေးလား မာန်...ငါအစည်းအဝေးအတွက် လိုအပ်တာတွေ သွားပြန်စစ်ထားလိုက်မလို့"
"မရှိတော့ဘူး သွား သွား"
မာန် လင်းသာကို မကြည့်ပဲ အသစ်ရောက်လာသော ရှယ်ယာရှင်တို့၏ ကိုယ်ရေးအကျဉ်းအများကို ဖတ်ရှုနေလိုက်တော့သည်။ မကြာမီ အကောင်အထည်ဖော်တော့မည့် အပန်းဖြေအိမ်ရာများ ဆောက်လုပ်ရေး project အသစ်အတွက် ရှယ်ယာဝင်သည့်လူတို့က တစ်နေ့ထက်တစ်နေ့ တိုးလာသည်။ သူအလုပ်ပြန်ဝင်သည့်နောက်ပိုင်း ပထမဆုံးလုပ်ရသည့် project ဖြစ်တာကြောင့် ဘာပြဿနာမှ မဖြစ်စေရန် ထိုproject အပေါ် မာန်စိတ်ရောကိုယ်ပါ နှစ်ကာ အားစိုက်ထားခဲ့သည်။ မာန် ရှယ်ယာရှင်တစ်ယောက်ချင်းစီ၏ ကိုယ်ရေးအကျဉ်းများကို အသေးစိတ်ဖတ်ရှုနေရင်း စာရွက်တစ်ခုအရောက် လက်တို့က ရပ်တန့်သွားကာ မျက်မှောင်တို့က တွန့်ချိုးသွားသည်။ ထိုစာရွက်က ဗလာသက်သက်ဖြစ်နေသောကြောင့်ပင်။ အနောက်စာရွက်တွေ ထပ်လှန်ကြည့်တော့ အပြည့်အစုံရေးသားထားသည့် အကြောင်းအရာများကို တွေ့ရသော်လည်း ထိုစာရွက်တစ်ခုသာ အလွတ်ဖြစ်နေသည်။ ထိုစဉ် လင်းသာက တံခါးဖွင့်ကာ ဝင်လာပြီး
"မာန် သွားမယ်"
"လင်းသာ ဒါက ဘာလို့အလွတ်ဖြစ်နေရတာလဲ"
မာန် မတ်တပ်ထရပ်လျက် ထိုဖိုင်တွဲကို လင်းသာဆီကမ်းပေးလိုက်သည်။ အသံကတော့ အနည်းငယ်မာဆတ်ဆတ်လေးဖြစ်နေသည်။ အလုပ်လုပ်ရာတွင် အမြဲတိကျသေသပ်သည့် လင်းသာက ထိုကဲ့သို့အမှားမျိုးပါလာသည်ကြောင့် မာန် စိတ်တိုနေရခြင်းဖြစ်သည်။ အသစ်ဝင်လာသည့် ရှယ်ယာရှင်က ၁၅ဦး ဖြစ်သော်လည်း ယခုဖိုင်ထဲတွင် ရှယ်ယာရှင်၁၄ဦး၏ အကြောင်းများသာ ပါနေသည်။ လင်းသာက ထိုအရာကိုကြည့်ရင်း ဘာမှမမှားသည့်ပုံစံကြောင့် မာန်စိတ်တို့ ပိုတိုလာရသည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)