💘Chapter 46
ငါ့သားဝေ့ချန် ထမင်းစားခန်းထဲကထွက်လာပြီးမကြာခင်မှာပဲ ထမင်းစားခန်းထဲမှာ ကလေးသံစူးစူးတစ်ခုထွက်လာခဲ့သည်။
ဝတ်စုံအသေးလေးနှင့်ဝေ့ဝေ့က လှေကားခြေရင်းမှာ မျက်နှာလေးစူဖောင်း၍ရပ်နေသည်။သူ၏မျက်ဝန်းတစ်စုံက ရက်စက်ကြမ်းကြုတ်သောအကြည့်များဖြင့်ပြည့်နေသည်။ယင်းက ဖြူစင်သောဤအရွယ်ကလေးတစ်ယောက်မှာ မရှိသင့်သည့်ပုံစံဖြစ်ပေမဲ့ ဤအခိုက်အတန့်တွင် ဝေ့ဝေ့၏မျက်ဝန်းများထဲမှာ တကယ်ပင်အထင်းသား ပေါ်နေခဲ့သည်။
ဝေ့ဝေ့နောက်က လိုက်ပါလာသူများက ဝေ့ကျန်းရှုန်းနှင့်ဖန်းယွင်ဖြစ်လေသည်။ဝေ့ဝေ့ ယခုလိုရိုင်းရိုင်းစိုင်းစိုင်းပြောနေသည့်စကားများကို ထိုနှစ်ယောက်က မကြားပုံရလေသည်။သူတို့အတွက် ဤသည်က ဝေ့ဝေ့က မှားယွင်းသည့်အရာတစ်ခုကိုလုပ်နေခြင်းထက် တည့်တိုးဆန်နေရုံမျှဖြစ်ပြီး ဝင်စွက်ဖက်စရာဘာအကြောင်းမှမရှိပေ။
ဘယ်သူကမှ မတားဆီးကြသလို ချော့မော့ဖြောင့်ဖြခြင်းလည်း မပြုကြသဖြင့် ဝေ့ဝေ့ကသဘာဝအတိုင်း သူ့အမှားသူ သတိမပြုမိပါချေ။သူကပို၍ပင်ကြမ်းတမ်းရိုင်းစိုင်းလာသည်။သူက ချန်လီ၏ဘေးကို လျှောက်သွားပြီး သူ့မျက်နှာပေါ်မှာ စက်ဆုပ်ရွံ့နေမှုကအထင်းသားပေါ်နေသည်။သူက ခြေဖျားထောက်ကာ လက်ဆန့်၍ ချန်လီ၏ရှေ့က ဆန်ပြုတ်ဖြူပန်းကန်ကိုမှောက်ချလိုက်ပြီး မောက်မောက်မာမာဆိုလေသည်။
"ငါတို့မိသားစုက စားစရာကိုစားဖို့ မင်းကို ဘယ်သူပြောလဲ"
ယနေ့ဆန်ပြုတ်ဖြူက အနည်းငယ်အရည်ကျဲကျဲချက်ထားခြင်းဖြစ်သည်။ဝေ့ဝေ့ကဆွဲမှောက်ချလိုက်ပြီးနောက် ဆန်ပြုတ်က စားပွဲတစ်ခုလုံး ပေပွကုန်ပြီး ချန်လီ၏အဝတ်အစားများပေါ်ကိုလည်းစင်ကုန်သည်။
နွေရာသီဝတ်အဝတ်အစားများကိုယ်၌က ပါးနေပြီးသားဖြစ်လေသည်။ဆန်ပြုတ်ဖြူက ချန်လီ၏အဝတ်အစားများအပေါ်စင်သွားသည်နှင့် ယင်းကချန်လီ၏ကိုယ်ပေါ်မှာကပ်သွားတော့သည်။ကံကောင်းထောက်မစွာဖြင့် ဆန်ပြုတ်ဖြူကအတော်လေးအေးနေပြီဖြစ်သည်။မဟုတ်လျှင်ချန်လီ အပူလောင်သွားမှာဖြစ်၏။

YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Saturday မှာ တစ်ပတ်စာပေါင်းတင်ပေးပါမယ် (တစ်ပတ် ၃ပိုင်း)