💘Chapter 15
လမ်းလျှောက်ထွက်ခြင်းအပြင်ဘက်ရှိ မနက်ခင်းနှင်းစက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားမှ ဝေ့ချန်က ချန်လီကိုခေါ်ပြီး လမ်းလျှောက်ထွက်ရန် ရည်ရွယ်ထားလေသည်။
ကန့်သတ်ထားသောနေရာတစ်ခုထဲမှာပဲ တစ်နေကုန်ပိတ်လှောင်နေခြင်းက ချန်လီ၏ကျန်းမာရေးအခြေ အနေအတွက်မကောင်းပေ။
သို့ရာတွင် အများနှင့်မပတ်သတ်ဘဲတစ်ယောက်ထဲနေလိုသော ချန်လီက လမ်းလျှောက်ထွက်ချင်မှာမဟုတ်မှန်းလည်း ဝေ့ချန်သိလေသည်။အကြောင်းမှာ သူလမ်းလျှောက်ထွက်သည်နှင့် လူများနှင့်ပိုပြီး အဆက်အဆံလုပ်ရမည်ဟုဆိုလိုပြီး ယင်းက ချန်လီအတွက် အင်မတန်ခက်ခဲသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။
သေချာသည်ပင်၊ဝေ့ချန်က သူ့ကိုလမ်းလျှောက်ထွက်ရန်ခေါ်သွားချင်ကြောင်းကြားသောအခါ ချန်လီ၏ကိုယ်လေး စောင်အောက်ကို ကြုံ့ဝင်သွားပြီး ဝေ့ချန်ကို မျက်လုံးပြူးလေးဖြင့် စိုက်ကြည့်နေသည်။သူက ဝေ့ချန်ကို အကြည့်ဖြင့် ငြင်းဆန်ချင်နေမှန်းသိသာလှသည်။
ဝေ့ချန်က ဤအခြေအနေကိုမျှော်လင့်ထားပြီးသားဖြစ်သည်။သူက အနောက်မှာဝှက်ထားသော ရုံးအိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး လမ်းလျှောက်ထွက်မည့်အကြောင်းမပြောတော့ဘဲ ချန်လီကိုပန်းချီဆွဲရန်အပြင်ခေါ်သွားမည်ဟုပြောလိုက်၏။
ပန်းချီဆွဲမည်ဟူသောစကားကိုကြားသောအခါ ချန်လီ၏မျက်လုံးများ သိသိသာသာ တောက်ပသွား၏။သူ့အကြည့်များက ဝေ့ချန်ဆီက ဖယ်ခွာပြီး ရုံးအိတ်နောက်ကို လုံးဝဥဿုံပါသွားတော့သည်။
ဝေ့ချန်စိတ်ထဲမှာပြုံးလိုက်၏။ဤအဆင့်မှာ ချန်လီ၏စိတ်ခံစားချက်များကို ဆွဲဆောင်နိုင်သော တစ်ခုတည်းသောအရာက ပန်းချီဆွဲခြင်းဖြစ်လေသည်။
အဆုံးမှာ ချန်လီ ပန်းချီဆွဲခြင်း၏သွေးဆောင်ဖြားယောင်းမှုကို မခုခံနိုင်ဘဲ လူနာကုတင်ပေါ်မှထကာ ဝေ့ချန်နှင့် လူနာဆောင်အပြင်ဘက်ကိုလိုက်ထွက်မည်ပြုသည်။သို့ပေမဲ့ ဆေးရုံကော်ရစ်တာမှာ ဝင်ထွက်သွားလာနေသော လူများကိုတွေ့သောအခါ ချန်လီအနည်းငယ် နောက်တွန့်သွားပြီး လူနာဆောင်တံခါးဝမှာရပ်ကာ အပြင်ထွက်ရမည်ကိုကြောက်နေ၏။

YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Saturday မှာ တစ်ပတ်စာပေါင်းတင်ပေးပါမယ် (တစ်ပတ် ၃ပိုင်း)