Ep-19(Unicode)

15.3K 1.3K 84
                                    





လူတိုင်းနီးပါးတွင် ပြန်လည်ပြင်ဆင်ခွင့်ရချင်သော အတိတ်တွေရှိခဲ့ကြပါလိမ့်မည်။အတိတ်ဆိုတဲ့အတိုင်း ဖြစ်ပြီးပျက်ပြီးပြီပဲ ထားခဲ့လိုက်ပါဟုလည်း နှစ်သိမ့်စကားတို့ကြားဖူးပါလိမ့်မည်။သို့သော်ရုန်းမထွက်နိုင်သေးသည့် တချို့ကိစ္စများကို ပြင်နိုင်ရင်ကောင်းမှာပဲလို့ ခဏခဏတွေးနေမိကြတာပါပဲ။ဘယ်လိုမှပြန်မသွားနိုင်တဲ့ အမှန်တရားကြောင့်သာ ကြိတ်မှိတ်လက်ခံလိုက်ရတဲ့ ဖြေသိမ့်ချက်နဲ့ ရှေ့ဆက်ကြတာပေါ့။

ထိုသို့ အတွေးနဲ့ဆန္ဒကိုနယ်ချဲ့သလို၊ဖြစ်ပျက်ခဲ့သမျှမပြင်နိုင်တဲ့အခါ အနာဂတ်ကိုလည်းကြိုမြင်ချင်ကြသေးသည်။ဘယ်လိုအရာတွေကြုံလာမလဲ၊ကိုယ့်ရဲ့ရှေ့ရေးဟာ ဘယ်လိုရှိမလဲဆိုတာ အတိတ်ကိုပြင်ချင်သကဲ့သို့ အနာဂတ်ကိုသိနိုင်ဖို့ စိတ်ဆန္ဒရှိကြပြန်သည်။ဒါက လူ့သဘာဝပဲမလား။

ကိုယ်သာ အနာဂတ်ကိုကြိုသိခဲ့ပါလျှင်။မဟုတ်သေးဘူး အဝေးကြီးလျှောက်ရမယ့် အနာဂတ်လမ်းကို မသိရချင်နေပါစေ၊ အနည်းဆုံး ထိုရက်တစ်ရက်ကိုသာ ကြိုမြင်ခွင့်ရှိခဲ့ပါလျှင် ပိတ်ရက်တစ်နေကုန်လုံးသူနဲ့အတူ ဘယ်ကိုမှမထွက်ဘဲနေခဲ့မိမှာပါ။ထိုအခါ နောင်တရစေမယ့်အတိတ်ကိုမဖန်တီးခဲ့ဖို့ သေချာသလောက်ရှိသည်။

နေ့မနား ညမနားအလုပ်ထဲ လုံးပမ်းခဲ့သော အက္ခရာမှာ အိမ်ကိုထောက်ပံ့ပေးစရာမလို။သူငယ်ချင်းတွေနဲ့ဝေစုခွဲပြီး၊ဆိုင်အတွက် လိုအပ်သောတက်တူးပစ္စည်းတွေဝယ်ပြီးတဲ့အပြင် သူ့လက်ထဲပိုက်ဆံပိုလျံလာသည့်အခါ ရိုးရှင်းတဲ့ရည်ရွယ်ချက်လေးတစ်ခုသာရှိနေခဲ့သည်။

သူ့အတွက်တစ်ကိုယ်ရည်သုံးစွဲဖို့မဟုတ်ဘဲ ကိုယ့်အတွက်အဝတ်အစားအသုံးအဆောင်လိုအပ်တာဝယ်ပေးဖို့ စိတ်ဆုံးဖြတ်ထား၏။

"အက္ခရာအတွက် ချန်အုံးလေ"

နှစ်ယောက်အတူ ကုန်တိုက်ထဲလျှောက်နေရင်း သူ့လက်ထဲမှာအထုတ်တွေနှစ်ဖက်လုံးအပြည့်။သူကိုယ်တိုင်ခေါ်စေချင်သည့် နာမ်စားကို သူကိုယ်တိုင်ကပဲ ကိုယ့်နှုတ်ကနေကြားဖို့အဆင်သင့်မဖြစ်သေးတာကြောင့် မောင်အစား အက္ခရာဟုသာ ပြန်ခေါ်ရသည်။

Painting On The SkinWhere stories live. Discover now