Ep-23(Unicode)

15K 1.3K 124
                                    


တနင်္ဂနွေနေ့ မနက်၉နာရီခန့်ဖြစ်သည်။သည်းသည်းမဲမဲရွာတဲ့မိုးနဲ့ ကားပိတ်နေသော ရန်ကုန်က ခပ်ဆွေးဆွေးဖြင့်လိုက်ဖက်နေသလို။

လူတွေဟာကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကုန်လာတဲ့အခါ အရှက်သိက္ခာဆိုတာ ငှဲ့ကွက်ဖို့ မလိုဘူးလို့သတ်မှတ်ကြ၏။
သွားနေတဲ့လမ်းတစ်လျှောက်လည်း "ငါဒီအတိုင်း ပြိုင်ပွဲကို စိတ်ဝင်စားလို့"ဆိုသည့်အချက်အား လက်ကိုင်ထားသည်။တကယ်တမ်းရောက်ရှိသွားတော့မှ ကားပေါ်ကနေဆင်းဖို့တွ့န်နေပြန်သည်။

သူတကယ်လာပြိုင်လို့ တွေ့ခဲ့ရင်ဘယ်လိုလုပ်မလဲ။မျက်ဝန်းနက်နက်တွေက ကြင်နာတဲ့အရိပ်အယောင်နဲ့ဖော်ရွေမလား။ဒါမှမဟုတ် မတွေ့ချင်တဲ့လူအဖြစ်သတ်မှတ်ကာ မျက်နှာလွှဲလေမလား။

မသေချာမရေရာမူများစွာနဲ့ ကားထဲမှာအကြာကြီးထိုင်နေပြီးမှ မထူးဇာတ်ခင်းကာ ထိုပွဲကျင်းပရာအဆောက်အဦးထဲဝင်လာလိုက်သည်။မိန်းကလေး၊ယောက်ျားလေး အရွယ်မျိုးစုံက တက်တူးပုံစံမျိုးစုံဖြင့် သူ့အဖွဲ့နဲ့သူရှိ၏။ဝင်ဝင်ချင်းကတည်းက လူတွေရှုပ်နေပြီး တစ်ခါမှမရောက်ဖူးတဲ့ ပြိုင်ပွဲပုံစံက ဘယ်လိုရှိမလဲစိတ်ဝင်စားလာသည်။ထို့အတူ ကိုယ့်မျက်ဝန်းတွေကလည်း တစ်စုံတစ်ယောက်ကို ရှာဖွေနေဆဲ။

တွေ့ချင်းတွေ့ ကိုယ်ကအရင်တွေ့ချင်သည်။ဒါမှ မမြင်ကွယ်ရာကိုရှောင်ပြီး မျက်နှာမြင်ရုံသာကြည့်၍ ကိုယ့်သိက္ခာကိုယ်ဆယ်နိုင်မှာ။

အတွင်းကိုရောက်တော့ အပြင်ကထက်လူပိုများလာပြီး ပရိုဂျက်တာပါသည့် စင်ပေါ်တွင်တီးဝိုင်းတစ်ခုတွေ့ရသည်။ထိုစင်၏ညာဘက်ဘေးမှာတော့ အိပ်စင်ခုတင်၊လက်တင်ခုံ၊ကျောမှီခုံ စသည်တို့ကို သူ့အကန့်လေးနဲ့သူ ထိုးနေကြသည့် တက်တူးအားတစ်များစွာရှိသည်။

ကိုယ်ခဏရပ်နေပြီးမှ ထိုအတန်းတွေဘက် ဦးတည်လိုက်၏။

"အ"

ဒူးမှာတစ်စုံတစ်ခုနဲ့တိုက်မိပြီးတစ်ပြိုင်တည်း အသံသေးသေးလေးပါထွက်လာသည်။ငုံ့ကြည့်လိုက်တော့ ဖင်ထိုင်ရက်ကျနေသည့် ကလေးလေးတစ်ယောက်။အ‌ရှေ့ကိုသွားချင်ဇောနဲ့ ကိုယ်မမြင်လိုက်တာ။ချက်ချင်း အောက်သို့ထိုင်ချလိုက်ပြီး ကလေးလေးရဲ့ ချိုင်းကနေ မ,ထူလိုက်သည်။

Painting On The SkinWhere stories live. Discover now