Ep-24(Unicode)

15.1K 1.3K 176
                                    


ကြားချင်နေသည့် အသံမဟုတ်တာကြောင့် ကိုယ်တွန့်ဆုတ်ခြင်းမရှိလှည့်ကြည့်နိုင်သည်။ အသားဖြူဖြူ မျက်လုံးမှေးမှေးနဲ့ ဝမ်းသာအားရကြည့်နေသော သူမှာ ညီမြင့်မြတ်ဖြစ်၏။

"ဒေါက်တာ ဟုတ်နေတာပဲ"

ကိုယ်ပေါ့ပါးစွာပဲ ပြုံးပြလိုက်သည်။

"စောစောက ပုံထိုးတဲ့တန်းမှာ တွေ့လိုက်သေးတယ် ဒေါက်တာမဟုတ်လောက်ဘူးထင်လို့ကျွန်တော်မခေါ်လိုက်တာ"

"ကိုယ်လည်း လူများနေတော့ သတိမထားမိလိုက်ဘူး"

"အခု ပြန်တော့မလို့လား"

များပြားလှသည့် မေးခွန်းတွေကို မမေးမိအောင် ထိန်းချုပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟိုလေ ... ဒေါက်တာ အချိန်ရရင် ကျွန်တော်တို့ စကားခဏလောက်ပြောလို့ရမလားဟင်"

"ရပါတယ် ကိုယ်လည်းမေးစရာရှိတယ်"

အရှက်လား။တော်စမ်းပါ။ ဒီနေ့တစ်ရက်တော့ မျက်ကွယ်ပြုထားလိုက်ရအောင်။

ညီမြင့်မြတ်က Fancy ပိုင်းရေးသူမို့ ပြိုင်ပွဲပြီးခါနီးမှ ပြန်ထွက်ဖြစ်သည်။သူပြိုင်တဲ့ပုံမှာ မန္တလေးမြို့ကျုံးမြို့ရိုးကနေ မန်းလေးတောင်ကို မြင်ရသည့် ရှု့ခင်းအား လက်ဖဝါးတစ်ဝက်စာတောင်မရှိသည့် အရွယ်အစားလေးဖြစ်သည်။ပုံကြီးရင် ထိုးရတာခက်မယ်ထင်ခဲ့သော်လည်း ယခုသေးသေးနဲ့အနုစိပ်ပုံကိုမြင်တော့ ပုံသေးပိုင်းကိုင်တဲ့လူတွေကိုလည်း အထင်သေးလို့မရကြောင်းသိလိုက်ရ၏။ညီမြင့်မြတ်က ဒုတိယဆုရပြီး မော်ဒယ်နဲ့ တံဆိပ်ပြားများက တဆင့်ထည့်ပေးကာ ကိုယ်နဲ့ ဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်သည်။

သူ့အကြောင်းကို သိဖို့ ၂နှစ်နဲ့၄လစောင့်နေခဲ့ရပြီးဖြစ်တာကြောင့် နာရီပိုင်းလောက်က ကိုယ့်အတွက်ပြဿနာမရှိ။စားစရာမှာပြီးချိန်ထိ သူ့ဘက်က စပြောမယ့်စကားကို အေးအေးဆေးဆေးစောင့်နေလိုက်သည်။

"ပြောမယ်ဆိုပြီး တကယ်တမ်းတွေ့တော့ ဘယ်က စပြောရမလဲ မသိဘူးဗျာ"

"ဘုန်းပြည့်တို့ရောမပါဘူးလား"

"ဘုန်းပြည့်နဲ့ မိုက်ကယ်က နယ်စပ်မှာပုံချိန်းထားတာရှိလို့ ပြိုင်ပွဲမမှီလိုက်ဘူး၊ အခု ကျွန်တော်နဲ့ အက္ခရာပဲ လာတာ"

Painting On The SkinWhere stories live. Discover now