XVIII

20 2 0
                                    

ကလေးရေ ...

နင် မရှိတော့မဲ့နေ့တွေ
နင် မရှိတော့မဲ့ ညတွေ
နင် မပါတော့မဲ့ ငါ့အနာဂတ်တွေ
တွေးကြည့်ရုံ နဲ့တင် မွန်းကြပ်တယ်

မိုးသည်းညတွေမှာ
အဆက်မပြတ် မိုးတွေချိန်းနေသလိုမျိုး
အဆင်ပြေသွားမှာပါလို့ ပြောနေပေမဲ့
ကလေးလေး တယောက်လို ငါကြောက်နေတယ်

အနားမှာ ရှိပေးပါ လို့
နင်မတောင်းဆိုတော့ဘူး
ဆွဲထားတဲ့ ငါ့လက်တစ်စုံကိုတောင်
ဖြုတ်ချဖို့ ကြိုးစားနေလေရဲ့

ငါသိပါတယ်
နင်လည်း ငါ့ကိုအရမ်းချစ်တာ
ငါသိပါတယ်
နင်လည်း နာကျင်နေရမှာ

မပြောဖြစ်ခဲ့တဲ့ စကားတချို့
ငါ့တို့ ရင်ဘတ်ချင်း နားလည်ထားကြတယ်

ဘာရယ်မဟုတ်ပါဘူး
နွေရာသီရဲ့ အဦးဆုံး သစ်ရွက်ကြွေရင်
မိုးရာသီရဲ့ အရင်ဆုံး မိုးဦးရွာရင်
ဆောင်းရာသီရဲ့ ပထမဆုံး ပန်းပွင့်ရင်
နင့် နဲ့ အတူ ရှိချင်တာ

အချိန်တွေပြန်လှည့်ခွင့်ရရင်
နင်နဲ့ မဆုံစည်းရသေးတဲ့ အချိန်ကိုပြန်သွားမယ်လို့
နင်ထင်နေတာလား မရူးစမ်းပါနဲ့ဟာ
ငါ့ ဘဝရဲ့ လက်ရှိသက်တမ်းထဲ
နင်နဲ့ တွေ့ဆုံခဲ့ရတာက
ကံအကောင်းဆုံးပဲ

ငါဆွဲထားသင့်လား မသေချာတဲ့
လက်တစ်စုံကို ဆုပ်ကိုင်ရင်း မေးမိတယ်
ငါ အတ္တကြီးပါရစေလား ...
နင်ကတော့ မျက်နှာလွှဲ နေလေရဲ့

နင့်ရဲ့ ရယ်သံတွေ
နင့်ရဲ့ အပြုံးတွေ
နင့်ရဲ့ ပျော်ရွှင်မှုတွေကြားမှာပဲ
ငါ့ကိုယ်ငါ ပိတ်လှောင်ပစ်ချင်တာ
ဟုတ်ပါပြီ ..
ငါကတော့ နာကျင်နေပေမဲ့
နင်တစ်ယောက်ကတော့ ပျော်နေမှဖြစ်မှလေ

အရင်ကဆို ဝတ္ထု တစ်ပုဒ်ဖတ်ရင်
နောက်ဆုံးစာမျက်နှာက အဆုံးသတ်ကိုအရင်ဖတ်ကြည့်တဲ့ငါ
အခု ဘယ်အရာရဲ့ အဆုံးသတ်ကိုမှ
မစဉ်းစားကြည့်ရဲတော့ဘူး

ကလေးရေ ...
တခုတော့ သိထားပေးပါ
ငါလဲ နင့်လိုပဲ သိပ်ချစ်တယ်ဆိုတာ ...

ငါရုန်းမထွက်နိုင်ခဲ့ပါဘူး ...
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp



နွံ Where stories live. Discover now