XLVI

5 2 0
                                    

နင်သိလား
တိမ်တွေကို ဖမ်းဆုပ်ဖို့
ကြိုးစားကြည့်ရတာထက်
တခါတလေ အချော့ခံချင်လို့
စိတ်ဆိုးချင်ယောင်ဆောင်ရတာလဲ
တကယ် ခက်တယ်

လေပြေလေးတွေတိုက်နေရင်
ငါ နင့်ကိုလွမ်းနေလို့ပဲ
ယုံချင်ယုံ မယုံချင်နေပါ
အခု 11:11 တော့မဟုတ်ဘူး
ဒါပေမဲ့ နင့်ကို လွမ်းတယ်

*နက်နက်ရှိုင်းရှိုင်းချစ်မိလို့
နက်နက်နဲနဲ နာကျင်ရတာတဲ့*

ဟုတ်တယ်
သိပ်ချစ်မိလွန်းရင်
အနည်းနဲ့အများတော့
နာကျင်ရမှာပေါ့

ဒါပေမဲ့ ဟာ
ငါတို့ ရဲ့ ချစ်ခြင်းဆိုတဲ့အရာနဲ့ယှဉ်ရင်
စကြဝဋာထဲက ဥက္ကာခဲ တခုလိုပါပဲ

နာကျင်ရလဲ
အရမ်း ချစ်တယ်

ထိရှလွယ်တဲ့ နှလုံးသားတစ်စုံအတွက်ကတော့
ဥပေက္ခာဆိုတဲ့ အရာက
အဆိပ်တစ်ခွက်လိုပဲ

အရင်က အနာပေးလိုက်
ဆေးပေးလိုက် လုပ်တဲ့ငါကပဲ
အခု ပြန်ဝဋ်လည်လေသလား

ဒါက ဝဋ်ကြွေးတခုဆိုရင်တောင်
နင့် နဲ့ပက်သတ်တဲ့အရာတိုင်းကို
ငါ မြတ်နိုးတယ်

Happy ending မဟုတ်တဲ့
drama တွေလဲငါမကြည့်ဖြစ်တော့ဘူး
ဇာတ်သိမ်းမှာ မပေါင်းဖက်ရတဲ့
အချစ် ဝတ္ထုတွေလဲ ချောင်ထိုးထားခဲ့တာကြာပြီ

ကလေးလေးတစ်ယောက်
လိုချင်တာမရရင် ငိုသလိုမျိုးငိုရင်ရော
နင် နဲ့ မြန်မြန် နီးရမှာလားဟင်
အကွာအဝေးတွေကို
မိတ္ထူဆိုင်မှာလို ချုံပစ်လို့ရရင်လဲ
အကောင်းသားနော်

နင်လိုအပ်ရင်
ကြယ်တွေယူပေးမယ်
နင်မလိုအပ်တော့ရင်
တိမ်တွေလိုပဲ အဝေးကိုလွင့်ပေးမယ်

ငါ့ စိတ်ဝိဥာဉ်တွေကိုတော့
နင့် ထံပါးမှာ ခစားပါစေလား

ငယ်ငယ်ကနားထောင်ခဲ့ရတဲ့
လှလှပပ အဆုံးသတ်တဲ့ ပုံပြင်လေးတွေကို
နင့်ကို ပြန်ပြောပြချင်သေးတာ

အိမ်မက်ထဲမှာလို အမြဲဆုံတွေရမယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ

နေ့တိုင်း ပို့သတဲ့ ငါ့မေတ္တာလေးတွေ
နင့်ဆီ အခစားဝင် ပြီး
နွေးထွေး လုံခြုံပါစေကွယ်

အရင်ကလိုပဲ
အရမ်းချစ်တယ် ...
ပြီးတော့ အရင်ကလိုပဲ
ဒီနေ့တစ်နေ့လုံး အရမ်းလွမ်းတယ် ...

#mp







နွံ Where stories live. Discover now