XXXVII

11 1 0
                                    

ငါတို့အတူတူ ကောင်းကင်ကို
ဆေးရောင်လှလှခြယ်ကြမယ်
တိမ်တွေကိုမပေသွားအောင်တော့
သတိထားရမယ်
နင်ရောငါရော
တိမ်တွေကို ချစ်ကြတယ်

ငါတို့က ၃ နဲ့ ၄ ဖြစ်နေရင်တောင်
နင် ငါ့ရှေ့လာခဲ့ပေးရင်
အဆင်ပြေမှာပါ

ညဘက်တွေ
ကြယ်တွေကို အတူတူငေးလို့
မပြောဖြစ်သေးတဲ့
စကားတွေပြောပြချင်သေးတယ်
နင့် ပခုံးတစ်ဖက်တော့ ခဏငှားပေါ့
ရင်ခွင်လေးတခုပါ အဆစ်ပါပါစေ

အချစ်ဆိုတာ
ဆောင်းညမှာသောက်တဲ့
ဝိုင်အနီ တစ်ခွက်လောက်ပဲနွေးထွေးမလားငါမသိဘူး
နင့် ဘေးနားမှာရှိနေရင်တော့
အရာရာ နွေးထွေးစေတယ်

ပေးခဲ့ဖူးတဲ့ ကတိတွေကို
သစ္စာတရား နဲ့ ချည်နှောင်ထားကြရအောင်

နာကျင်စရာ အစိုင်အခဲတွေကိုတော့
ပုလင်းလှလှလေးတစ်လုံးထဲထည့်ပြီး
ပင်လယ် ထဲမျောလိုက်ကြတာပေါ့

ဟိုးဝေးဝေးက တိမ်တွေထက်
ငါတို့ရှေ့တည့်တည့်က
တိမ်တွေကပိုလှပါတယ်

တခါတလေကျ
ငါ တိမ် တွေကို အားကျတယ်
နင်ငေးရာအရပ်ကို
စိတ်ရှိတိုင်း လွင့်မြောလာလိုက်လို့ရတယ်
နင့် အငွေအသက်တွေက
ရင်ခုန်စေပါတယ်
ငါ့ကို ငေးပါ စိတ်ကူးနဲ့ဖမ်းဆုပ်ကြည့်ပါ
ငါ ဟာ နင့်တစ်ယောက်အတွက်ပဲ
ဖြစ်တည်ပေးမဲ့ သီးသန့် တိမ်စိုင် တစ်ခု

ကဗျာ ခေါင်းစဉ်က ငါဆို
နင်က ကဗျာ စာသားတွေပဲ

နင် သိလား ဟန်နီ
ငါ ဝမ်းနည်းနေတဲ့အခါ
တိမ်တွေပါ အတူတူလိုက်ငိုပေးတယ်

ဆောက်တည်ရာမရ ဆိုတဲ့
စကားရဲ့ အဓိပ္ပါယ်ကို
ငါ ရေးရေးလေးတော့ သိမြင်လာခဲ့ပြီ

ငါ စကားမကြွယ်ပါဘူး
အတိသယဝုတ္တိ အင်္လကာတွေလဲ ငါမသုံးတတ်ဘူး
ငါ့ ကဗျာထဲ နင့်ကိုချစ်ကြောင်း
သွယ်ဝိုက်ပြောထားတဲ့
ဝင်္ကဝုတ္တိလေးတွေတော့ ပါလိမ့်မယ်
နင် မြင်ပါစေကွယ်

ဘုရားဟော သလို
နင်က အစွဲအလမ်း တခုဆိုရင်တောင်
ငါကိုယ်တိုင် မလွတ်မြောက်ချင်တဲ့ အရာပဲ
နင်က နွံဆိုပေမဲ့
ငါကိုယ်တိုင် စိတ်လိုလက်ရ ခုန်ဆင်းခဲ့သူပါ

အရင်ကလိုပဲ
ချစ်ပါတယ် ကလေးရယ် ...

#mp






နွံ Where stories live. Discover now