XLV

9 3 0
                                    

*မြတ်နိုးမှုဆိုတာ
ဆံနွယ်လေးကစလို့
သူ့ခြေဖဝါးနုနုအောက်မှာ
အဆုံးသတ်တယ်တဲ့*

ဟုတ်တယ်
သူ့ရဲ့ အပြုံးတစ်ပွင့်ကအစပြုလို့
သက်ပြင်းချသံလေးတွေအထိ
ကျမ မြတ်နိုးတယ်

လက်သည်းညှပ်ထားလို့ တုံးတိဖြစ်နေတဲ့
လက်ချောင်းသွယ်သွယ်လေးတွေ
ရီလိုက်တိုင်း ပေါ်လာတဲ့ သွားလေးတွေကော
အရာအားလုံးက ကဗျာလေးတွေပဲ

ယောက်ျားလေးတယောက်အလှကို
ဖွဲ့နွဲ့ပြရတာ အူကြောင်ကြောင်နိုင်ပေမဲ့လည်း
ပန်းချီကားတစ်ချပ်လို
တမျိုး ကြည်နူးဖို့ လည်းကောင်းတယ်

ချစ်ဖို့ကောင်းတယ်
နင်ကလေ ...
ငါ့ ကဗျာလေးတွေမှာ ဗီလိန်နေရာထားပြီး
ရေးပစ်လဲ စိတ်မဆိုးပဲ
ကဗျာတွေကိုဆက်ဖတ်ပေးနေတဲ့
အူတူတူ ကောင်လေးတစ်ယောက်ရယ်ပါ

ငါကတော့
ငါကြီးပဲ တဖက်သတ်ခံစားနေရသယောင်ဆောင်နေတဲ့
နတ်သမီးလေးပေါ့
ငါ မတရားဘူးနော် ...

တိမ်တွေပြိုရင်
နင့်ကို ငါလွမ်းလို့ပေါ့ဟာ
ကြယ်တွေကြွေရင်တော့
အရမ်း တမ်းတနေမိလို့ပဲဖြစ်မယ်

သဝန်တိုတယ်ဆိုတာက
လူသားတိုင်းရဲ့ နှလုံးသားရေးရာမှာ
ချစ်ဖို့ကောင်းတဲ့
အဖြူရောင် ရပိုင်ခွင့်လေးတခုပါပဲကွယ်

ကမ္ဘာဦးအစကတည်းက
တခြား မိန်းကလေးတယောက်ရှိနေခဲ့ရင်
Eve လဲ ငါ့လိုမျိုးပဲ
Adam ကို သဝန်တိုလိမ့်မှာ

ပြောချင်တဲ့ စကားတခွန်းစီ
စာရွက်တွေပေါ်ချရေးပြီး
ကြယ်လေးတွေခေါက်ထားတယ်
နင်နဲ့တွေ့ရင်ပေးမယ်တော့စိတ်ကူးတာပဲလေ

ဒါပေမဲ့ တခါတွေ့ရင်
ကြယ်တစ်ပွင့်ပဲပေးမယ်ကွယ်
အခါခါတွေ့ရဖို့အတွက်
ငါ ဥာဏ်များပါရစေ

နေကောင်းအောင်နေပါ
နင့် နှလုံးသားလေးကိုလဲ ဂရုစိုက်ပါ
အဲ့ဒီအထဲမှာ ...
ကြယ်တွေငေးရတာကိုကြိုက်ပြီး
တိမ်တွေကို ဖမ်းဆုပ်ဖို့ကြိုးစားကြည့်နေတဲ့
ကောင်မလေးတစ်ယောက် ရှိနေတယ်ရယ်

အချစ်က အာတာပူစီ လိုပဲ
အမြဲ ချိုအီ နေတော့လဲ
ချောင်းဆိုးရင်ကြပ်ဖြစ်လိမ့်မယ် ...
ဒါ ဘယ်ပညာရှိမှ ရေးထားတာမဟုတ်ပါဘူး
ငါ့ဘာသာ တိတ်တဆိတ် တီထွင်လိုက်တဲ့
ပန်းနုရောင် ဒဿန တချို့ပါ 💗

နောက်တစ်ခု ရှိသေးတယ်
အရင်ကလိုပဲ
အရမ်းချစ်တယ် တဲ့ ....

#mp



နွံ Where stories live. Discover now