“မမလေး… အလှပြင်ပစ္စည်းတွေ promotion ရှိပါတယ်… သုံးလိုက်ရင် ကလေးအသားအရေလို ဖြစ်သွားစေမယ့် ဒီ Body lotion ကိုလည်း ကြည့်သွားပါဦး…”
ဘေးနားက ဖြတ်သွားသည့် အမျိုးသမီးကို ချိုသာစွာ ပြုံးပြရင်း ခေါ်လိုက်သည်။ အမျိုးသမီးက အသက် ၄၀လောက် ရှိရော့မည်။ သူ့ကိုယ်သူ မြင်သူတိုင်းက ရှိရင်းစွဲ အသက်ငယ်သည်ဟု ထင်အောင် ပြင်ဆင်ဝတ်စားထားပေမယ့် မျက်နှာပေါ်က အရေးအကြောင်းတွေက လှောင်ရယ်နေသလိုလို။ ဒီလိုဝယ်သူမျိုးက သုံးခါထက်ပိုအောင် ခေါ်စရာမလိုသည်ကို အတွေ့အကြုံအရ သိပြီးသား။ အမျိုးသမီးက ပစ္စည်းများကို ဝေ့ကာကြည့်လိုက်ကတည်းက သိလိုက်ပြီ။ အကွက်ထဲ ဝင်လာပြီ။
“ပစ္စည်းသစ်မို့ ပရိုမိုးရှင်း ရှိပါတယ်… ဝင်ကြည့်လို့ ရပါတယ်ရှင့်…”
အမျိုးသမီးကို ကောင်တာအသေးပုံစံ ပစ္စည်းခင်းကျင်းထားသည့် လှည်းထံသို့ မသိမသာ ဆွဲခေါ်သွားလိုက်သည်။ ကောင်တာပေါ်တင်ထားသည့် အလှပြင်ပစ္စည်းများကို တစ်ခုချင်းယူကာ အသေအချာ ရှင်းပြပေးသည်။
“မမလေး… ဒါက အခုတလော လူငယ်တွေ အကြိုက်များနေတဲ့ ပါးနီတွေပါ… မမလေးနဲ့ဆို ဒီအရောင်လေးက သိပ်လိုက်မှာ.. ချယ်ရီဖျော့ရောင်ဆိုတော့ မမလေး အသားအရေနဲ့ ကွက်တိပဲ… ဒီ ပန်းဆီရောင်က အဝယ်မလိုက်တော့ဘူး… မမလေး လိမ်းမယ်ဆိုရင် အရောင် ကြောင်သွားလိမ့်မယ်… အခုလူငယ်တွေက သဘာဝဆန်ဆန်ပဲ မိတ်ကပ်လိမ်းကြတော့တာ….”
အမျိုးသမီး၏ ပါးပြင်ပေါ်သို့ ပါးနီကို ဘရပ်နုနုဖြင့် ခြယ်ပြပေးလိုက်သည်။ ထို့နောက် အိုင်းလိုင်နာ၊ အောက်ခံမိတ်ကပ်၊ ညလိမ်းခရမ် စသည်တို့ကို စမ်းသပ်ပြရင်း နှုတ်ကလည်း တတွတ်တွတ် ရှင်းပြရင်း လုပ်လိုက်သည်မှာ အမျိုးသမီးက အတော်သဘောကျသွားသည်ထင့်။ တော်တော်များများ အားပေးသွားသည်။
စိတ်ရှည်ရှည်ထားလို့ပဲလား၊ အလုပ်အပေါ် စိတ်ဝင်စားနေသည့် နေ့မို့လား မပြောတတ်။ နေမစောင်းခင်မှာပင် ယူလာသည့် ပစ္စည်းများ ကုန်လုနီးပါး ရောင်းထွက်သွားသည်။ သူမက ဈေးကို အတင်းထိုးမရောင်းတတ်။ ဝယ်သူလည်း စိတ်ချမ်းသာအောင် သူနှင့်လိုက်ဖက်သည်များကို အကြံဥာဏ်ပေးပြီးသာ ရောင်းသည်။ ဝယ်သည် မဝယ်သည် အပထား။ စေတနာသန့်သန့်ထားမှ ဖြစ်မည်။ တစ်နပ်စား ဘယ်တော့မှ မကြံပေ။ ပစ္စည်းတို့ကို သိမ်းလိုက်ပြီး ဒီနေ့ရောင်းရငွေနှင့် အမြတ်တို့ကို တွက်ချက်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/146532165-288-k119560.jpg)
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)