လှည်း ၁၀ စီးက တအိအိဖြင့်သာ နှင်းထုပေါ် ခရီးဆက်နေသည်။ နှင်းမကျနေသော်လည်း ထူထပ်သည့် မြူတို့က မိမိဘေးနားက လူကိုတောင် သေချာမမြင်ရ။ ကုန်ပစ္စည်းတင်ထားသည့် လှည်းတို့က မြို့များ၊ ရွာများကို ဖြတ်ကျော်လာပြီးနောက် ထူထပ်လွန်းသည့် မြူဆိုင်းနေသည်မို့ ဆက်ပြီး ခရီးမဆက်နိုင်တော့။ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက သူ့လူများကို အော်ဟစ်အမိန့်ပေးကာ အနီးအနားရှိ သစ်ပင်အုံ့ဆိုင်းနေသော နေရာတွင် စခန်းချရန် အမိန့်ပေးသည်။ လှည်းများ လူများ နေရာကျသွားပြီး အားလုံး အအေးဒဏ်အံတု အနားယူချိန်တွင် ပိန်းပိတ်အောင်ထူသည့် မြူများကို အခွင့်ကောင်းယူကာ အဖြူရောင်ဝတ် လူနှစ်ဆယ်ခန့်က ထိုအုပ်စုနား ကပ်လာသည်။
ကုန်သည်အုပ်စုမှ တစ်ဦးသည် နှင်းများအကြား အဖြူရောင်အရာအချို့ တလှုပ်လှုပ်ဖြစ်နေသည်ကို ရုတ်တရက်မြင်သွားပြီး ကျန်သူများကို သတိပေးသော်လည်း နောက်ကျသွားချေပြီ။ အဖြူရောင်ဝတ်လူများ လက်နက်ကိုယ်စီထုတ်ပြီး အလစ်ဝင်တိုက်ခြင်း ခံရသည်။ လက်ခေါက်မှုတ်အချက်ပေးသံအဆုံးတွင် လှည်းပေါ်ရှိ ကုန်သေတ္တာအချို့ ပွင့်လာပြီး ပုန်းကွယ်နေသော လူများထွက်လာပြီး အဖြူဝတ်လူများကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ လက်ရည်တူဖြစ်နေသဖြင့် သူမနိုင်ကိုယ်မနိုင်ပင်။ အချိန်ကြာလာသည်နှင့်အမျှ အဖြေက ထွက်မလာသေး။ အဖြူဝတ်လူများ ရုတ်တရက်ပင် လက်နက်ပုန်းစင်္ကြာငယ်များကို ပစ်လွှတ်လိုက်သည်နှင့် တပြိုင်နက် ကုန်သည်အုပ်စုမှ လူအချို့ နှင်းပေါ်လဲကျသွားသည်။
"လက်နက်ပုန်း ရှိတယ်… သတိထား…"
အချင်းချင်း အော်ဟစ်သတိပေးပြီး ကုန်သည်အုပ်စုဘက်မှလူများ ပိုမိုဖိတိုက်လာသည်။ ချက်ချင်းတိုက်ကွက် ပြောင်းလဲလိုက်ရာ အဖြူဝတ်လူတို့ အရေးနိမ့်လာသည်။ အဝေးမှ ခရာမှုတ်သံလိုလို အသံစူးစူးတစ်ချက်ထွက်ပေါ်လာပြီးနောက် အလစ်ဝင်တိုက်သည့်သူတို့ မျက်တစ်မှိတ်အတွင်းတွင်ပင် နှင်းတို့အကြား တိုးဝင်ပျောက်ကွယ်ကုန်သည်။
-------------------------------"စစ်သူကြီး…."
လက်ထောက်ဝူကမ်းပေးလာသော လက်နက်ပုန်းကို အပြန်အလှန်လှန် သူကြည့်သည်။ စင်္ကြာထောင့်နားတွင် ထွင်းထားသည့် ကျားခေါင်းပုံစံကို ပွတ်သပ်နေရင်းကနေ အခန်းထောင့်ရှိ ဘီဒိုငယ်လေးထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ ဘေးချင်းယှဉ်လိုက်သည်။ ဟွှာရှန့် စက္ကူဘူးထဲက ထုတ်ယူလိုက်သည့် မြားခေါင်းတိုတွင်လည်း တစ်စုံတစ်ခုကို ထွင်းထားသည်။ ကျားခေါင်းပုံအမှတ်အသားက ပုံစံတူပင်။ ထိုမြားတိုက သူတိုက်ပွဲဝင်နေတုန်း အလစ်ချောင်းပစ်သွားသည့် မြားပင်။ သူ့ကို လုပ်ကြံသူက တစ်ဖွဲ့ထဲဟု တစ်ထစ်တည်း ချမှတ်လို့ရသည်။ မြားက လွန်ခဲ့သော ၅နှစ်ကတည်းက သူသိမ်းထားခြင်းဖြစ်ရာ ယခု ကျားခေါင်းအမှတ်အသားပုံ စင်္ကြာထပ်ရပြန်တော့ သူ့ကို အချိန်အတော်ကြာသည်အထိ ချောင်းမြောင်းအလစ်တိုက်ဖို့ လက်လျှော့သေးပုံမရ။
KAMU SEDANG MEMBACA
ကြင်ယာတော် "မို့ရန်"
Fiksi Sejarahအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)