(unicode version ကို အောက်မှာထည့်ပေးထားတယ်… အဆင်မပြေရင် ပြောပေးကြပါဦး… အလုပ်များတာနဲ့ စာရေးဖို့ အာရုံမရတာနဲ့ update တွေကြာလွန်းလို့ စာဖတ်သူတွေကို တကယ်အားနာပါရဲ့… :'( )
"အရှင်မင်းကြီး…. ကြွချီလာပါတယ်…"
ဟွာရှန့်၏ ယာယီနေထိုင်သော ခြံဝန်းငယ်ရှိ လူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ မင်းကြီးက သတင်းမပေး မသိမပေးဘဲ မကြွချီစဖူး ကြွလာသည်ဖြစ်သည့်အတွက် အားလုံးက သို့လောသို့လောဖြင့်သာ။ ဟွာရှန့်က ပုံမှန်မျက်နှာထားဖြင့် ဂိတ်ဝသို့ ထွက်လာပြီး မင်းကြီးကို ကြိုသည်။ ခမ်းနားလွန်းသည့် မြင်းလှည်းပေါ်မှ အရင်ဦးဆုံးဆင်းလာသည့်သူကို မြင်တော့ ဟွာရှန့်မျက်နှာ ပိုမိုအေးခဲသွားသည်။ နတ်ဆရာရှီကျောင်းက မင်းအတိုင်ပင်ခံအမတ်ဝတ်စုံကို ဝတ်ထားသည်။ မော်ကြွားနေသော အပြုံးများဖြင့် ဟွာရှန့်ကို ပြုံးပြပြီး နောက်လှည့်ကာ လှည်းပေါ်မှ မင်းကြီး ဆင်းရအဆင်ပြေစေရန် ခုံကို ကိုယ်တိုင်ယူလာပြီး မင်းကြီးကို လက်တွဲကူပေးသည်။
"အရှင်မင်းကြီးကို အရိုအသေပြုပါတယ်…"
"မလိုဘူး ညီငယ်… မြန်မြန်ထ…"
"အထဲကို ကြွပါ… မင်းကြီး…"
ဧည့်ခန်းဆောင်သို့ ဦးဆောင်ခေါ်သွားပြီး မင်းကြီးက အခန်းထိပ်ရှိ ထိုင်ခုံတွင် နေရာယူပြီးသောအခါမှ သူ ထိုင်သည်။ နတ်ဆရာရှီကျောင်း၏ မျက်လုံးအစုံ အခန်းတွင်း ဟိုဟိုဒီဒီ ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။ ဤသည်ကို မြင်ဖြစ်အောင် မြင်လိုက်သော ဟွာရှန့်က
"နတ်ဆရာရှီကျောင်းက… ဒီနေရာကို သိပ်သဘောတွေ့ပုံ မပေါ်ဘူးထင်တယ်… ဒီမင်းသားအိမ်မှာ ဇိမ်ခံစရာ ပစ္စည်း များများစားစား မသုံးထားတော့… နန်းတော်ထဲကလို ဘယ်မျက်စိပဒေသာဖြစ်ပြီး ဇိမ်ကျပါ့မလဲ…"
"မဟုတ်ရပါဘူး… မဟုတ်ပါဘူး မင်းသား… မင်းသားက ရိုးရိုးရှင်းရှင်းနေတတ်တာကို… သဘောကျလို့ပါ…"
"အရှင်မင်းကြီး… လက်ဖက်ရည် သုံးဆောင်ပါဦး…"
အစေခံတို့ လာဆက်သသည့် လက်ဖက်ရည်ကြမ်းကို အနံ့ခံပြီး တစ်ငုံမျှသောက်သည်။ ပီအိုနီပန်းနံ့ကို ရသောအခါ ဟွာရှန့်မျက်လုံးထဲ ရိန်းကို ရုတ်တရက် မြင်မိသည်။ သူ သူမနာမည်ကိုတောင် သေချာမမေးရသေးသည်ကို ခေါင်းထဲဖြတ်ခနဲ ပေါ်လာသည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)