အိမ်ကို ပြန်ရောက်သည့် အချိန်က ည ၈နာရီ ကျော်နေချေပြီ။ တွန်းလှည်းကို တိုက်ဘေးတွင် သေချာရပ်လိုက်ပြီး အမြင့်ဆုံးတွင် ရှိနေသည့် သူမအခန်းကို မော့ကြည့်လိုက်သည်။
“ငါ… ပြန်လာပြီ….”
လေးဖင့်နေသည့် ခြေလှမ်းများဖြင့် တိုက်လှေကားကို တက်လိုက်တော့သည်။ အခန်းထဲ ရောက်သည်နှင့် မီးဖွင့်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်သည်။
“အခုအချိန်မှာ… ညစာစားဖို့ အဆင်သင့် ပြင်ထားပေးပြီး… မိန်းမ ပင်ပန်းလာတာလား… အမောဖြေလိုက်ဦးလို့ ပြောမယ့်သူကို လိုချင်သားရယ်…”
ညည်းညူနေရင်းကနေ မျက်နှာတစ်ခုကို ဖြတ်ခနဲ ပြေးမြင်သွားသည်။ ဒေါသတို့ ဘယ်ချောင်ကနေ ထွက်လာသည်မသိ။
“တောက်… သွားစမ်းပါ… ငွေမက်တဲ့ ယောက်ျားတွေ…”
လွယ်ထားသည့် ပိုက်ဆံအိတ်ကို ခပ်ကြမ်းကြမ်း ဆွဲချွတ်ကာ ဘေးသို့ ပစ်ထုတ်လိုက်သည်။
“ရှဲ့မင်လွိုက်… ငါ နင့်ကို ကမ္ဘာမကျေဘူး… သူဌေးဖြစ်အောင်လုပ်ပြီး နင့်မျက်နှာကို ငွေနဲ့ ပေါက်ပြမယ်…”
တိုလာသည့် စိတ်တို့ကြောင့် အသက်ရှူသံတို့ကလည်း တရှူးရှူး တရှဲရှဲ ဖြစ်လာသည်။
“ငါ အသက်ငယ်ငယ်နဲ့ သေသွားရင် ဒင်းကြောင့်ပဲ…”
မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်ရင်းကနေ ညစာစားဖို့ ပြင်သည်။ ထမင်းတစ်အိုး တည်လိုက်ပြီး ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်သည်။ ခေါက်ဆွဲခြောက် ၃ထုပ်၊ မုန်ညင်း တစ်ထုပ်၊ မုန်လာဥနီ နည်းနည်း နဲ့ ကြက်ဥ တစ်လုံးသာ ကျန်တော့သည်။ မနက်ဖြန် ဈေးသွားရဦးမည်။ မုန်ညင်းနဲ့ ကြက်ဥကို ယူလိုက်ပြီး ကြော်လိုက်သည်။ သူမ ရေချိုးပြီးချိန်တွင်တော့ ထမင်းကျက်ချိန် ကွက်တိ။ လသာဆောင်လို ဖြစ်နေသည့် တိုက်ရှေ့ကို ထမင်းပွဲယူကာ ထမင်းစားလိုက်သည်။ စားပြီးသည်နှင့် ကော်ဖီတစ်ခွက် ဖျော်ကာ ကြယ်တွေကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချမိသည်။
“Watching every motion
in my foolish lover’s game…On this endless ocean finally lovers
know no shame….”
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)