အပိုင်း (၅၁)

3.4K 427 29
                                    










နှင်းတို့ ပိန်းပိတ်အောင်ကျနေသော ညဥ့်ဦးယံအချိန်တွင် ဟွာရှန့် မမက်တာကြာပြီဖြစ်သော အိပ်မက်ကို ပြန်မြင်မက်သည်။ ထုံးစံအတိုင်းပင် သူ ထိုမိန်းကလေး မထွက်သွားရန်သာ ကြိုးစားပြီး ပြန်ခေါ်နေမိသည်။ လည်ချောင်းတို့ ခြောက်ကပ်ကာ အသံမထွက်နိုင်တော့သည်အထိ အော်ခေါ်သော်လည်း ထိုမိန်းကလေးက သူ့ကို တစ်ချက်မျှ မလှည့်ကြည့်လာချေ။ သူပြေးလိုက်ကာ မိန်းကလေးကို ဖမ်းချုပ်ရန် အားထုတ်သည့်အခါတိုင်း သူမက ပြေးထွက်သွားကာ မြင်ကွင်းမှ ပျောက်သွားပြန်သည်။ တစ်နေရာတွင် သူမ၏ ပုံရိပ်လေး ပြန်ပေါ်လာသည်ကို တွေ့သဖြင့် ထိုနေရာသို့ ရောက်သည့်အခါ ပျောက်သွားလိုက် ပြန်ရှာလိုက်ဖြင့် လုံးလည်ချာလည် လိုက်နေတာ့သည်။ အရင်အတိုင်းပင် သူမနာမည်ကို အော်ခေါ်သံအချို့တဝက်ဖြင့်သာ နိုးထလာရသည်။ ရင်တစ်ခုလုံး ဟာတာတာ။ တစ်စုံတစ်ခုကို အကြီးအကျယ် ဆုံးရှုံးလိုက်ရသလိုမျိုး။

မို့ရန်… မို့ရန်ဆိုတာ ဘယ်သူလဲ… ဒီအိပ်မက် မမက်တာ အတော်ကြာလှပြီ.. ဘာဖြစ်လို့ ပြန်မက်နေရပြန်တာလဲ…!!!

အချိန်က မနက်လေးနာရီ ထိုးတော့မည် ဖြစ်သော်လည်း သူ ပြန်မအိပ်နိုင်တော့။ ချိတ်ထားသော သားမွေးထည်ကို ယူခြုံပြီး စာကြည့်ဆောင်သို့သာ ထွက်ခဲ့တော့သည်။ ညက မပြီးသေးသော ဖတ်လက်စ စာလွှာတို့ကို ယူဖတ်နေရင်း အိပ်မက်ကို သူမေ့သွားပြန်သည်။

"ဟေ့ကောင်… အတော်ပဲ.. စစ်သူကြီးကို မင်း ဒါသွားပို့လိုက်…"

"ဟုတ်…"

လက်ထောက်ဝူ ကမ်းပေးသော လင်ဗန်းငယ်ကို မို့ရန် လက်လွှဲယူကာ ကြည့်လိုက်သည်။

"လက်ထောက်ဝူ… တခြားအစေခံတွေ သွားပို့လည်း ရတဲ့ဟာ… မနက်စာကို လက်ထောက်ဝူကိုယ်တိုင် သွားပို့စရာလိုလို့လား…"

"မင်း တော်တော်ပေရှည်တဲ့ကောင်… စစ်သူကြီး မနက်စာကို ငါပဲ ပို့ရတာ.. ဒီနေ့ အရေးတစ်ခု ပေါ်လာလို့.. စစ်သူကြီး မေးရင် အဲ့အတိုင်းပြောလိုက်.. ငါသွားပြီ…"

ပြောရင်းဆိုရင်းပင် ပြေးထွက်သွားသော လက်ထောက်ဝူ နောက်ကျောကို ကြောင်အစွာ ကြည့်မိသည်။

ဒီလူ… အိမ်သာ တက်ချင်လို့များလား… မတတ်နိုင်ဘူး… ငါပဲ သွားပို့ရတာပေါ့…!

စာကြည့်ဆောင်ရှေ့ရောက်တော့ တံခါးပိတ်ထားသည်။ စစ်သူကြီး ရှိနေမလား မသေချာသော်လည်း တံခါးကို အသာခေါက်ကြည့်သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now