ကျွိ… ဒုန်း…….
ပိတ်လိုက်သော တံခါးချပ်သံသည် ကြောက်မက်ဖွယ်ကောင်းသော သားရဲကိုရင်ဆိုင်ရန်အတွက် မနိုင်မှန်းသိသည့်သားကောင်ကို နှုတ်ဆက်နေသောအသံနှင့်တူသည်။ အခန်းထဲတွင် သူမမှလွဲပြီး မည်သူမှ မရှိ။ အခန်းပတ်ပတ်လည်ကို အကဲခတ်ကြည့်တော့ ယခင်က သူမနေဖူးသည့် တိုက်ခန်းသေးသေးလေးနှင့် ဖွဲ့စည်းပုံတူသည်။ အိပ်ရာကုတင်ကို တိုက်ရိုက်လှမ်းမြင်ရသည်။ စာကြည့်စားပွဲက ပြတင်းပေါက်နားလေးတွင်ရှိပြီး ပီအိုနီပန်းတို့ ထိုးစိုက်ထားသည့် ပန်းအိုးငယ်တစ်လုံး၊ စက္ကူအချို့၊ မင်ခွက်၊ မင်တံများ တင်ထားသည်။ ဘီဒိုငယ်တစ်လုံးကတော့ ကုတင်ဘေးနားတွင် အခန့်သား။ ကုလားထိုင် ၂လုံးနှင့် လက်ဖက်ရည်စားပွဲကတော့ နောက်ထပ်ပြတင်းပေါက်တစ်ခုနားတွင် ထားထားသည်။ အခန်းပုံစံက သပ်သပ်ရပ်ရပ်နှင့်သာ။ ဘယ်သူ့အခန်းလဲ၊ တပ်မှူးချိန်က ဘာကြောင့် ဒီကိုခေါ်လာသည်လဲ မသိရ။ အခန်းတံခါးကို တွန်းဖွင့်ပြီး ပြန်ပိတ်သံကြောင့် သူမ နောက်လှည့်ကြည့်သည်။
"စစ်သူကြီး…"ဟွာရှန့်က ကုလားထိုင်ပေါ်ထိုင်ပြီး ရေနွေးကြမ်းနှစ်ခွက်ကို ငဲ့သည်။ ပြီးနောက် သူမကို ထိုင်ရန် အချက်ပြသည်။ သူမ မထိုင်ဘဲ ပေကပ်ကာ ရပ်နေပြီး
"စစ်သူကြီးက… ကျနော့်ကို အခေါ်ရှိတာလား… ကျနော် ဘာများ…"
"မင်း ငါ့ကို ဖြေရှင်းချက် ပေးဖို့လိုတယ်လို့ မထင်တာလား…"
"စစ်သူကြီး… ဘာကိုဆိုလိုတာပါလဲ…"
"အ…. စစ်သူကြီး… အစ်…"
ကုလားထိုင်မှ ဝုန်းကနဲထလာကာ ရုတ်တရက်ဆိုသလို သူမလည်ပင်းကို ညစ်သောကြောင့် မို့ရန် အသက်ရှူရကြပ်လာသည်။ ဆွဲဖြုတ်လေလေ အားပိုစိုက်ကာ ညစ်လေလေဖြစ်သဖြင့် အသက်ပင် မရှူနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ပြာနှမ်းလုလု ဖြစ်လာလေသည်။
"ပြောစမ်း… မင်း ဘယ်ကတည်းက သူလျှိုလုပ်ထားတာလဲ… ငါ နည်းနည်းလေးယုံလိုက်တာနဲ့ လှည့်စားလို့ ရပြီထင်နေပြီပေါ့လေ… မင်းကိုယ်မင်း ဘာများထင်နေလို့လဲ…. ငါယုံလောက်တဲ့အထိ လိမ်ပြီးဖြေလေ…"
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)