အပိုင်း (၄၀)

4.1K 477 12
                                    






လက်ပေါ်မှ ဗန်းကို သေချာကိုင်ကာ ကြွေခွက်ထဲက လက်ဖက်ရည်ကြမ်း ဖိတ်မကျအောင် ညင်ညင်သာသာ လျှောက်နေရသည်။ နည်းနည်းလေး မြန်လိုက်သည်နှင့် ဖိတ်ကျပြန်သည်။

"တောက်စ်… နောက်ကျတော့မှာပဲ…"

ခွမ်း…

စိတ်မရှည်လွန်းစွာ တီးတိုးရေရွတ်လိုက်ချိန်မှာပင် သူမလမ်းလျှောက်တာ နည်းနည်းမြန်သွားသောကြောင့် ရေနွေးခွက်က ပြုတ်ကျသွားသည်။ နှစ်ကြိမ်။ ဒါပါနဲ့ဆို နှစ်ကြိမ်ရှိပြီ။

"အား…… စိတ်တိုလိုက်တာ….."

ဘန်း…

သစ်သားဗန်းအား ဘေးနားရှိ ပင်စည်သို့ လွှဲရိုက်လိုက်သည်။

"ဒါ တမင်သက်သက် င့ါကို နှိပ်စက်တာပဲ… သူ့စာကြည့်ဆောင်နဲ့ လေ့ကျင့်ရေးကွင်းက ဒီလောက်ဝေးတာကို… သက်သက်မဲ့ င့ါကို ရေနွေးသယ်ခိုင်းတယ်…. တွေ့မယ်… ငါနဲ့တွေ့မယ်…"

စားဖိုဆောင်သို့ နောက်တစ်ခေါက် ထပ်သွားကာ ရေနွေးခွက်ကို ပြန်ပြင်သည်။ ရေနွေးကရားကြီးတွင် ရေနွေးတစ်ဝက်ကိုဖြည့်သည်။ ကရားကို ဗန်းတွင်ထည့်ကာ နောက်တစ်ခေါက် ထပ်သယ်သည်။ ဒီတစ်ခါတော့ အလုပ်ဖြစ်သည်။ လေ့ကျင့်ရေးကွင်းထဲသို့ မဝင်ခင် သူမ ရေနွေးခွက်ထဲ ရေငှဲ့ထည့်ကာ ကရားကိုတော့ နီးစပ်ရာ ပန်းချုံအောက်ထဲ ထိုးထည့်လိုက်သည်။ ပြီးနောက် ညစ်ကျယ်ကျယ်အတွေးက ဝင်လာသည်။ ရေနွေးခွက်က ရေနွေးတစ်ငုံမျှ ယူငုံကာ ခွက်ထဲ ပြန်ထွေးထည့်ပြီးနောက် နှုတ်ခမ်းတစ်ဖက် တွန့်ကွေးကာ ပြုံးသည်။ မို့ရန် မျက်လုံးထဲတွင် ပါပီတစ်ကောင်ကို ပြေးမြင်မိသည်။

"ကောင်းစစ်သူကြီး… ရေနွေးရပါပြီ…"

မို့ရန် ရေနွေးခွက်ကို စားပွဲပေါ်သို့ တင်ကာ ဟွာရှန့်အား အသိပေးသည်။ သူမမျက်လုံးက ဟွာရှန့်လက်ထဲက လေးကို သဘောကျသွားသည်။ ဟွာရှန့်က သူမပြောသံကို မည်သည့်တုံ့ပြန်မှုမျှ မပေးဘဲ မြားကိုအာရုံစိုက်ကာ လေးကြိုးကို ဆွဲတင်ပြီး ပစ်မှတ်ရှိရာ ချိန်ရွယ်ပစ်လိုက်သည်။

ရွှစ်… ဒုတ်…

ဝိုး…. ဘရာဗိုး…!!! ဒီလူ့မြားပစ်စွမ်းရည် အတော်ကြီးကောင်းတာပဲ…. အားလုံးက ပစ်မှတ်အလယ်မှာချည်းပဲ…!!!

မို့ရန် ငေးနေစဉ်မှာပင် ဟွာရှန့်လက်တစ်ဖက်ကို သူမရှိရာသို့ လှမ်းကာ ကမ်းပေးမည့် ရေနွေးခွက်ကို စောင့်နေသည်။ မည်သည့်အရာမှ သူ့လက်ထဲ မရောက်လာသည့်အခါ ဘေးနားရှိ ကောင်လေးကို လှည့်ကြည့်သည်။ ကောင်လေးက သူ့လက်ကို မမြင်ဘဲ မြားတွေကိုသာ အာရုံစိုက်နေသည်။

"မင်း… အောက်ခြေသိမ်းအလုပ်တွေ လုပ်ချင်နေပုံရတယ်…"

စကားသံကြောင့် မို့ရန် အာရုံပြန်ရသွားပြီး ချက်ချင်းပင် ရေနွေးခွက်ကို ဟွာရှန့်လက်ထဲ တရိုတသေ ထည့်ပေးသည်။ ဟွာရှန့်က မသောက်သေးဘဲ ရေနွေးခွက်ကို လက်ထဲကိုင်ထားဆဲပင်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now