"ဟိုလူ ဘယ်ပျောက်သွားတာလဲ…"
"ငါတော့ မတွေ့မိဘူး… မင်းရော…"
"ငါလည်း မသိဘူး…"
ခေါင်းကို တွင်တွင်ခါပြနေသော လူတစ်စုက ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုး ဖြစ်ကုန်သည်။
"တော်ပြီ… တစ်ယောက်မှ မစောင့်ကြည့်နေကြဘူး ဟုတ်လား… ထားလိုက်တော့… လိုက်ရှာရအောင်…"
"ငါ ဟိုဘက်ခြမ်းသွားမယ်… မင်းလိုက်ခဲ့…"
"အစ်ကိုကြီး… ကျနော်ရောလိုက်မယ်…"
"ငါရော…"
"ငါရောပဲ…"
"ခင်ဗျားတို့ လူစုခွဲပြီးရှာလေ… ဘယ့်နှယ့်… အုပ်စုလိုက်ရှာလို့ရှိရင် အချိန်ကုန်တယ်…"
သူမ ဗီတိုအာဏာသုံးကာ သုံးယောက်တစ်တွဲ တွဲပေးလိုက်ပြီး ပတ်ရှာကြသည်။ တစ်နေသာ ကုန်သွားသည်။ အနှီလူအား မတွေ့။
သူ ဘယ်ပျောက်သွားတာလဲ…သူလျှိုဆိုရင်တော့ သေပြီ…!!!
ညနေစောင်းလို့ လူပြန်စုချိန်တွင် အားလုံးက စိတ်ပူသွားသည်။ သူတို့ကယ်ထားပေးသောသူသည် သူလျှိုဖြစ်ပါက စစ်တပ်သို့ သတင်းသွားပေးပြီး သူတို့အားလုံး အဖမ်းခံရနိုင်သည်။ ဒါက အဆိုးဆုံး ဖြစ်နိုင်ချေကို တွက်ထားသည်ပင်။ သို့သော် အားလုံးက ကိုယ့်ပိုင်နက်တွင်မို့ ယုံကြည်မှုတော့ ရှိကြသည်။ ဒီဝင်္ကဘာတောကြီးကို သူတို့လောက် ကျွမ်းတာ သူတို့ပဲရှိသည်မဟုတ်လား။
ထမင်းစားချိန်တွင် အဝေးမှ လူတစ်ယောက် သူတို့ရှိရာ ခြံဝင်းသို့ လမ်းလျှောက်လာနေသည်။ အားလုံးသည် တံခါးဝဆီသို့သာ အကြည့်ကို ပို့လွှတ်ထားသော်လည်း လက်တို့က ကိုင်စွဲနေကြ လက်နက်များကို အလိုလိုလှမ်းပြီးသား။ ရေနံဆီမီးရောင်နား ထိုသူရောက်တော့ အံ့သြကုန်သည်။ အသေအလဲ လိုက်ရှာနေသည့်လူက ရှာတုန်းက မတွေ့ဘဲ မရှာတော့မှ သူ့ဘာသာ ပေါ်လာပြန်သည်။ မို့ရန် စားလက်စ ထမင်းပန်းကန်ကို ဆောင့်ချပြီး ထိုသူဆီ လျှောက်သွားသည်။
"ခင်ဗျား… ပြန်လာသေးတာပဲ…"
"ငါ မသေပါဘူး… မင်းတို့အားလုံးကို စိတ်ပူစေလို့ တောင်းပန်ပါတယ်…"
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)