"အားရှီ…"
"ဟုတ်ကဲ့မမလေး…"
"နင်သိတဲ့ သခင်မလေးအကြောင်း ငါ့ကို ပြောပြ…"
"မမလေး… မမလေး တကယ်ပြောနေတာလား…"
"ဟုတ်တယ်…. ငါ့နာမည်ကအစ ငါမသိဘူး…"
မို့ရန် လိမ်လိုက်သည်။ ထိုမှသာ ဒီဇာတ်ထဲ သူမ ဝင်ကလို့ အဆင်ပြေမည်ဟု ထင်မိသည်။ အားရှီကတော့ သူမကို မျက်လုံးပြူးများဖြင့် ကြည့်နေသည်။ အားရှီက ချစ်စရာကောင်းပါသည်။ သူမကိုလည်း ဂရုစိုက်သည်။ လိုလေသေးမရှိအောင် ပြုစုသဖြင့် သူမနေရထိုင်ရ ခက်သည်အထိပင်။ ဒီအိမ်ဆီ သူမရောက်နေသည်မှာ လက်တစ်ဖက်ရှိ လက်ချောင်းတွေ မပြည့်ခင်လေးမှာပင် အားရှီကို သူမခင်သွားသည်။
"မမလေး… မမလေး နာမည်က ယွမ်မို့ရန် ပါ… မမလေးက အမတ်ကြီး ယွမ်ကော်ရဲ့ သမီးရင်း…"
"သမီးရင်း… မွေးစားတွေ ရှိသေးလို့လား.."
အားရှီ ခေါင်းကို ပုတ်သင်ညိုလေးကဲ့သို့ ညိတ်ပြလိုက်သည်။
"မမလေးက သခင်ကြီးယွမ်ရဲ့ ပထမဇနီးက မွေးလာတဲ့ သမီးပါ.."
"ဒါဆို ဟိုတစ်ယောက်… ယွမ်သခင်လေးဆိုတာကရော…"
"သခင်လေးက မမလေးရဲ့ အစ်ကိုရင်း…"
"သူ့နာမည်က.. ဘာ…"
"ယွမ်… ကွမ်း… ချီ…"
"အင်း ငါသိပြီ… ဆက်ပြော.."
!မမလေးရဲ့ အမေ… ရှင်းသခင်မကြီးက မမလေးကိုမွေးပြီး ၅နှစ်အကြာမှာ ဆုံးသွားတယ်… ပြီးတော့ သခင်ကြီးက ဒုတိယအိမ်ထောင် ထပ်ပြုလိုက်တယ်… အခုအိမ်တစ်ဆောင်လုံးရဲ့ ထိန်းသိမ်းမှုကို သခင်မကြီးဝမ် တာဝန်ယူထားတယ်…"
"သူက ဒုအိမ်ထောင်ဆိုတာလား.."
"ဟုတ်… သူ့မှာ သမီးနှစ်ယောက် ပါလာတယ်…"
မို့ရန် သက်ပြင်းချလိုက်မိသည်။
"အားရှီ… ငါက နင်တို့သခင်မလေးနဲ့ အရမ်းတူလို့လား…"
"မမလေး… ဘာတွေလျှောက်ပြောနေတာလဲ… မမလေးက မမလေးပဲလေ… မမလေးမှာ ဒီလက်စွပ်လည်း ရှိတယ်… ပြီးတော့ မမလေးကျောပေါ်က ဖီးနစ်ငှက်ပုံ အမှတ်လည်း ရှိတယ်… အားရှီ ဘာလို့လူမှားရမှာလဲ…"
လက်စွပ်ဟု ပြောလာသဖြင့် မို့ရန် သူမလက်ကို ထောင်ကြည့်လိုက်သည်။ ကောက်ရထားပြီး အမှတ်မထင် လက်မှာစွပ်ကြည့်လိုက်သည့် အရာက သူမကို ယွမ်မို့ရန်ဟု ထင်သွားစေတာလား။ ဖီးနစ်ငှက်ပုံအမှတ်အသားကရော ဘယ်ကရောက်လာသနည်း။ သူမကျောတွင် ထိုအမှတ်အသား မရှိသဖြင့် အားရှီ အမြင်မှားနေတာရော မဖြစ်နိုင်ဘူးလား။ လက်စွပ်လေးဆီမှ တောက်ပစွာလင်းသွားသော အလင်းရောင်ကိုတော့ မို့ရန် သတိမထားလိုက်မိပါချေ။
……………………
ВЫ ЧИТАЕТЕ
ကြင်ယာတော် "မို့ရန်"
Исторические романыအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)
