"ဖန်းယဲ့…. မင်းလား…"
ထိုမိန်းကလေးက သူ၏မသဲမကွဲရေရွတ်သံကို ကြားပုံမရ။ ခြေလှမ်းတို့က သူမဆီသို့ အလိုလိုလှမ်းမိသည်။ ပခုံးကို သူ့ဘက်သို့ဆွဲလှည့်ရန် ကြိုးစားခါနီးတွင် ထိုမိန်းကလေး ရေအောက်သို့ မျက်နှာကို ငုံ့သဖြင့် ရေပွက်သံထွက်လာသောမှ အသိစိတ်ဝင်လာသည်။
"ဖန်းယဲ့က မရှိတော့ဘူး… တခြားမိန်းကလေးဆိုရင် ငါ အပြစ်ပြုမိမယ်…"
ရေထဲတွင် အသက်အောင့်ပြီး ပါးစပ်မှ ရေပူပေါင်းများကို မှုတ်ထုတ်ပြီးနောက် မို့ရန် မျက်နှာကို ရေပေါ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့် လိုက်ကြည့်သည်။ သူမစိတ်ထဲ သူမနောက်ကျောတွင် တစ်စုံတစ်ဦး ရှိနေသည်ဟု ခံစားရသောကြောင့် ရေပေါ်ခေါင်းဖော်ကြည့်ရခြင်း ဖြစ်သည်။ ဘယ်သူမှ မရှိမှန်း သိတော့ စိတ်ထင်နေတာဖြစ်မှာဟု ဖြေသိမ့်လိုက်ရင်း စောနကလို မျက်နှာကို ရေအောက်သို့ ထပ်ငုပ်ပြီး ရေပူဖောင်းမှုတ်ထုတ်၊ ရေပူဖောင်းများကို လက်ဖြင့်တို့ထိကာ ပြန်ဆော့နေသည်။
"အဟိ… ရေပူဖောင်းလေးတွေ..."
အခန်းထဲ ပြန်ရောက်လာသော ဟွာရှန့် သူ့အိပ်ရာအောက်တွင် သိမ်းထားသည့် စာလိပ်တစ်လိပ်ကို ဆွဲထုတ်သည်။ အလောတကြီးပင် သူဖတ်လိုသည့် နေရာကိုရှာသည်။ မတွေ့။ နောက်ထပ် စာလိပ်တစ်လိပ်ကို ဆွဲထုတ်ပြီး ရှာပြန်သည်။ စာလိပ် ၅လိပ်မြောက်တွင် သူရှာတာ တွေ့သွားသည်။
"မီးငှက်ပြန်လည်ရှင်သန်ခြင်း…"
စာရေးစားပွဲသို့ လျှောက်ကာ ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး စာလိပ်တွင် ရေးထားသည့် စာများကို အသေအချာ ဖတ်သည်။ အကြိမ်ကြိမ်ဖတ်လွန်းလို့ အလွတ်ရနေပြီ ဖြစ်သော်ငြား သူထပ်ဖတ်မိသည်။
မီးငှက်၏ သဘောသဘာဝအရ သေဆုံးသွားသော်လည်း ပြန်လည်ရှင်သန်ခြင်း ရှိသည်။ ပြန်လည်ရှင်သန်မွေးဖွားလာသည့်အချိန်တွင် မီးငှက်လက္ခဏာဖြစ်သည့် ဖီးနစ်ငှက်ပုံအမှတ် မှေးမှိန်နေကာ မီးစွမ်းအားတို့ မရနိုင်သေးပါ။ မီးငှက်အရွယ်မရောက်သေးသည့်အခါနှင့် ဖီးနစ်လက်စွပ်တို့ ပေါင်းစပ်မှု မရှိသေးချိန်တွင် မသမာသူတို့ ထိုကလေးငယ်အား တံဆိပ်ခတ်ကာ လိုရာစေခိုင်းနိုင်သည်။ သတိချပ်ရမည်မှာ ပြန်လည်ရှင်သန်ခြင်း အကြိမ်အရေအတွက် အကန့်အသတ်ရှိသည်။
ESTÁS LEYENDO
ကြင်ယာတော် "မို့ရန်"
Ficción históricaအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)