အပိုင်း (၇၇)

1.1K 133 12
                                    



မင်္ဂလာပွဲကျင်းပရာ နန်းရင်ပြင်ထိရောက်အောင် လျှောက်လှမ်းရမည့် လှေကားထစ်တို့က ရာချီရှိသည်။ ပုဝါနီကြောင့် မြင်ကွင်းက မရှင်းသည့်အပြင် ဝတ်ရုံကို တက်မနင်းမိအောင်လည်း ထိန်းရသေးသည်။ တွဲကိုင်ထားသည့် လက်ကိုလွှတ်ပြီး ဝတ်ရုံကို လက်နှစ်ဖက်ဖြင့်မကာ လှေကားထစ်များပေါ် ပြေးလွှားသွားလိုက်ချင်တော့သည်။ သို့သော် စိတ်ကူးက စိတ်ကူးပါလေ။ နန်းရင်ပြင်နှင့် နီးကပ်လာလေလေ ရာထူးကြီးငယ်အလိုက် စီတန်းရပ်နေသော အမတ်များ၊ အရာရှိများနှင့် ဖိတ်ခေါ်ထားသော ဧည့်သည်တို့က တစ်ဖက်တစ်ချက်စီတွင် သူမတို့ယှဉ်တွဲလာသည်ကို ကြည့်ရင်း ချီးကျူးထောပနာပြုကြသည်။ ရင်ပြင်ထိပ်ရှိ စင်မြင့်ပေါ်သို့ရောက်သည်နှင့် မင်းကြီးကို ဂါရဝပြုရသည်။ မင်းကြီးက အချက်ပြလိုက်သည်နှင့်

"မင်္ဂလာအခမ်းအနား စတင်မယ်…."

ကုန်းကုန်းတစ်ဦးက အခမ်းအနားစကြောင်း ကြေညာပြီးသည်နှင့် နန်းဓလေ့ထုံးစံအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သွားကြသည်။ မို့ရန်က သူတို့ပြောသည့်အတိုင်း လိုက်လုပ်နေသော်လည်း စိတ်နှင့်လူ မကပ်နေသည့်အတွက် အမှားအယွင်းများ လုပ်မိသည်နှင့် မိမိကို ဝိုင်းကူပေးသော အပျိုတော်များ၊ ကုန်းကုန်းများကြောင့်သာ အရှက်မကွဲခဲ့။ တစ်နာရီခန့်မျှကြာပြီးနောက် နောက်ဆုံးအစီအစဉ်ကိုရောက်လာသည်။ ထိုအစီအစဉ်နားရောက်လေလေ မို့ရန် ဒူးတုန်လေလေပင်။ နောက်ဆုတ်လို့လည်း မရတော့။

"မိုးမြေကို ကန်တော့မယ်….."

"မိဘကို ကန်တော့မယ်…."

"ဇနီးမောင်နှံအချင်းချင်း ကန်တော့မယ်…."

မိုးမြေနှင့် မိဘကို ကန်တော့တာက စိတ်ထဲမထားဘဲ ကန်တော့လို့ရသေးသည်။ နောက်ဆုံးကန်တော့သည့် အခါတွင်မတော့ မို့ရန် ခံပြင်းစိတ်များဝင်လာသည်။ သူမနေထိုင်ရာ ၂၁ရာစုတွင်လည်း ရည်းစားကို ဖြစ်ဖြစ်မြောက်မြောက်ထားဖူးသည်မရှိ။ လက်လေးကိုင်ရုံအဆင့်လောက်သာ တွဲခဲ့သည်။ သူမကို နှလုံးခုန်မြန်စေပြီး ကိုယ်တိုင်ကလည်း နှစ်နှစ်ကာကာ ကြိုက်ဖူးသည့် အမျိုးသားကိုတောင် မရှာတွေ့သေး။ ရှေးဟောင်းခေတ်ကို ရောက်ပြန်တော့လည်း ကိုယ်ကြိုက်တဲ့သူ ရှာဖို့တောင် ဝေးစွ။ အသက်လုပြေးလွှားနေရသည်က များသည့်အတွက် ချစ်သူဆိုတာ ဘာမှန်းတောင် မသိလိုက်၊ ရင်တောင် မခုန်ခဲ့ရ။ အခုတော့… ရှေးဟောင်းခေတ်ကိုလည်း မသွားချင်ဘဲ ရောက်သွားသည့်အပြင် ယောင်္ကျားပါ နေရင်းထိုင်ရင်း အချောင်ရတော့မည်။

ကြင်ယာတော် "မို့ရန်"Tahanan ng mga kuwento. Tumuklas ngayon