ကောင်းကင်ဘုံ ဘားဆိုင်….
နာမည်ကို တီးတိုးရေရွတ်လိုက်ပြီး အားတင်းကာ ဆိုင်ထဲဝင်လိုက်သည်။ အလုပ်ဝင်သည်မှာ တစ်လပြည့်သော်ငြား သူမနှင့် ထိုဆိုင်သည် မရင်းနှီးနေသေးသလိုလို။ သတ်မှတ်ပေးထားသည့် နေရာတွင် ဝင်ထိုင်လိုက်ပြီး အတွေးတို့ကို နယ်ချဲ့နေမိသည်။
ရှေးဟောင်းခေတ်ကနေ ပြန်ရောက်လာသည်မှာ ၃လတိုင်တိုင် ရှိရော့မည်။ အမေရှိရာ နယ်ပြန်ပြီးနောက်ပိုင်း မက်ဖူးသည့် အိပ်မက်တစ်ခုကိုသာ ဆက်တိုက်မက်နေသည်။ ပထမတော့ တစ်ပတ်လောက်ခြားသေးသည်။ ယခုတော့ နေ့စဉ်ရက်ဆက်လိုလို ဖြစ်လာသဖြင့် သူမ အိပ်ရမှာကိုပင် ကြောက်လာသည်။
ထိုအမျိုးသားက ဘယ်သူလဲ။ ဘာကြောင့် ဒီအိပ်မက်ကို ဆက်တိုက်မြင်မက်နေရတာလဲ။ ကြာလာတော့ စိတ်ကစွဲလာသည်။ အဲဒီအိပ်မက် မက်ပြီးသိပ်မကြာခင် သူမအမြဲ တစ်ခုခု ဖြစ်သည်။ ယခုလည်း ဘာဖြစ်လာမည်နည်း။ အိပ်မက်မက်ပြီးသည်နှင့် ထိတ်လန့်တကြား နိုးလာပြီး ပြန်အိပ်လို့ မရတော့သည်မှာ ကြာလှပြီမို့ လူက ထုံထိုင်းထိုင်း။ဒီညတော့ ငါ့ကို ကောင်းကောင်း အိပ်ခွင့်ပေးပါလားဟင်….!
"မို့ရန်…"
"အောင်မလေး…"
ရုတ်တရက် အနောက်ကနေ ပုခုံးပုတ်ခေါ်လိုက်သောကြောင့် သူမ လန့်သွားသည်။
"ရှောင်းလီရယ်… အသံလေး ဘာလေး ပေးတာမဟုတ်ဘူး…"
"ဘာတွေ တွေးနေတာလဲ…. ငါတို့အလှည့်ရောက်ပြီ…"
"အင်း… လာပြီ…"
ဂစ်တာကို ကောက်ဆွဲကာ စင်ပေါ်တက်လိုက်သည်။ ရှောင်းလီနှင့် သူမ နှစ်ဦးသား နေရာယူပြီးနောက် အားလုံးနှစ်သက်မည်ထင်သည့် Photograph သီချင်းကို စတင်သီဆိုကြသည်။ အတွဲညီညီ သီဆိုကြသည်မို့ သီချင်းတစ်ပုဒ်ပြီးတိုင်း လက်ခုပ်သံတွေက တသောသော။ တစ်နာရီခန့် ဖျော်ဖြေပြီးနောက် အခြားသူများ ဆိုချိန်တွင် သူမက ဂစ်တာတီးပေးရသည်။
ဆိုင်ပိတ်ချိန်ရောက်ခါနီးလေ လူက မပြုံးနိုင်တော့။ ဟန်ဆောင်ပြုံးနေရသည်မှာ ပင်ပန်းလွန်းလှသည်။ ပြန်ခါနီးတွင် ဆိုင်ရှင်က ဘောနပ်စ်အနေဖြင့် စာအိတ်တစ်အိတ်စီ ပေးသည်။ ကျေးဇူးတင်ကြောင်းပြောပြီး စာအိတ်ကို ကျောပိုးအိတ်ထဲ ကောက်ထည့်လိုက်ကာ ဂစ်တာထည့်ထားသည့် သေတ္တာလေးကို ယူလွယ်၊ အိမ်ပြန်ဖို့ လှမ်းရတော့သည်။
BINABASA MO ANG
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)