[Zawgyi]
သူတို့ပြင်ဦးလွင်မှ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံးပုံမှန်ဖြစ်သွားလေသည်။သက်တန့်ကလဲ သူ့ပန်းလေးတွေနှင့်သာ တစ်ချိန်လုံး အလုပ်ရှုပ်နေသည်။နိုင်းကလဲ မမနှင့်သာ အချိန်ကုန်နေသောကြောင့် သက်တန့်နှင့်နိုင်း သင်တန်းသွားချိန်မှလွဲ၍ မတွေ့ဖြစ်ပေ။
အချိန်ရာသီယန္တာရားကြီး၏ လည်ပတ်မှုနှင့်အပြိုင် နိုင်းတို့ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းသည်လည်း အိမ်ရှေ့တံခါးပေါက်အ၀သို့ မကြိုဆိုသော်လည်းပဲ ရောက်ရှိလာသည်။နိုင်းသည်ဂုဏ်ထူးလေးခုပါခဲ့သည်။အံ့ဩစရာတော့မရှိ နိုင်းက ငယ်ငယ်လေးထဲက စာအရမ်းကြိုးစားခဲ့သည်မဟုတ်လား။
အံ့ဩခြင်းများစွာကို အိမ်တိုင်ရာရောက်သယ်ဆောင်လာသူက တခြားသူမဟုတ် ကိုသက်တန့်ပင်ဖြစ်သည်။ ငယ်ငယ်ကလေးစာကိုယောင်လို့တောင်လှည့်မကြည့် အစမ်းစာမေးပွဲတောင်တဘုန်းဘုန်းကျနေသူက ယခုအတန်းတင်စာမေးပွဲကြီး သူတို့ဘ၀ကို အဆုံးအဖြတ်ပေးသော စာမေးပွဲကြီးတွင် ဂုဏ်ထူးသုံးဘာသာထွက်ခဲ့သည်တဲ့။
သက်တန့်ကိုမေးတော့လဲ သူနှင့်မခွဲနိုင်၍သာ စာလုပ်ခဲ့သည် အထွေအထူးမရှိပါဟု သူ့ထုံးစံအတိုင်းရိုးရိုးအေးအေးဖြေခဲ့သည်။
ဟုတ်သည် သက်တန့် နိုင်းနှင့် တကယ်ပင်မခွဲနိုင်။ဘယ်အချိန်ကတည်းက သူရင်ခုန်သံတွေ နိုင်းအပေါ်စတင်မှားယွင်းနေပြီလားဆိုတာတော့သူမသိ။
တစ်စုံတစ်ယောက်ကိုချစ်တယ်ဆိုတာ ဘာလဲဆိုတာ သူစတင်သတိမထားမိသေးခင်ကတည်းက နိုင်းက သူ့အတွက် အရာရာဖြစ်ခဲ့သည်။
ဖေဖေစီးပွားပျက်လို့ သူတို့မိသားစု တောင်ကြီးမှနေ၍ ရန်ကုန်သို့ဆင်းလာပြီး အကူအညီတောင်းရန် ဒီအိမ်သို့စတင်ရောက်လာချိန် သူ့အားစက်ဘီးနှင့်ဝင်တိုက်သော မျက်ဝန်းညိုညိုတွေနဲ့ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်အား သူနှလုံးသားထဲ နေရာတစ်နေရာပေးမိခဲ့သည်။
ယောက်ျားလေးချင်းမို့မဖြစ်သင့်သည်မို့ မှားယွင်းနေသောရင်ခုန်သံတစ်စုံကို ပြန်လည်ပြင်ဆင်ရန်သူအကြိမ်ကြိမ်ကြိုးစားခဲ့သည်။အကြိမ်ကြိမ်လဲ ကျရှုံးခဲ့သည်။တစ်ခါကြိုးစားတိုင်း တစ်ခါနိုင်းသူ့ရင်ထဲအမြစ်တွယ်လာခဲ့သည်။ထိုမျှချစ်ရသော နိုင်းတစ်ယောက် မမကို ချစ်သည်ဟု သူ့အားဖွင့်ပြောလာချိန် သူ့ကမ္ဘာ ကြီးတစ်ခုလုံး ကံဆိုးမိုးမှောင်ကျခဲ့သည်။
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...