[Zawgyi]
စူးရှသောနေသူရိန်၏ လင်းရောင်ခြည်သည် သာယာသောနံနက်ခင်းလေးအား သူ၏ လက်တွဲဖော် ကျေးငှက်ငယ်လေးများ၏ သီကြူးသံများနှင့်အတူ လန်းဆန်းစွာ ဖွင့်လှစ်ပေးနေသည်။ခေါင်းရင်းပြတင်းပေါက်မှတစ်ဆင့် ကျလာသော ရောင်ခြည်စူးစူးကြောင့် ခေါင်းထဲထိုးခနဲနာကျင်သွားသည်။မို့မောက်နေသောမျက်လုံးအစုံသည်လည်း ဖွင့်မရ။ဟုတ်သား သူညက တစ်ညလုံး ငိုပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားတာလေ။ညကဖြစ်ရပ်များ အတွေးတွေထဲတစ်ချက်ပြန်လည်ဆင့်ခေါ်ရင်း သက်တန့်ပင့်သက်တစ်ချက်ရှိုက်မိသည်။ထိုစဉ် ဘေးနားမှ လက်စွဲတော်ဖုန်းလေး၏ မြည်သံကြောင့် အလန်းတကြား screenပေါ်တွေင်ပေါ်နေသော နာမည်ကိုကြည့်လိုက်ပြီးမှ သက်တန့်မျက်မှောင်တစ်ချက်ရှုံ့မိသွားသည်။နိုင်း သူကိုဖုန်းစဆက်သည်မှာ ထူးဆန်းလွန်းနေသည်မဟုတ်လား...
"နိုင်း..~ ပြော"
"သက်တန့်~ငါခြံထဲမှာစောင့်နေတယ် မြန်မြန်ဆင်းခဲ့....မင်းနဲ့ငါဒီနေ့ကစပြီး မနက်တိုင်းကျောင်းတူတူသွားမယ် အဲ့တာမှကျွဲကြီးတို့ယုံမှာ မြန်မြန်ပြင်ဆင်ပြီး ဆင်းခဲ့...."
ပြတ်သားလှသည့် ချစ်ရသူ၏ အမိန့်စကားသံ...အရင်ကနိုင်းနဲ့သက်တန့် အမြဲကျောင်းအတူတူသွားဖြစ်သော်လည်း ပြသနာတွေဖြစ်ပြီးနောက်ပိုင်း နိုင်းသည်လည်း သူ့ဘာသာပဲသွားတော့သည်။သက်တန့်အနေနှင့်လဲ နိုင်းကို မျက်နှာချင်းမဆိုင်ဝံ့တာတကြောင်း အနေရခက်သောကြောင့်တကြောင်း အလိုက်တသိပင် ကိုယ်ဘာသာပဲသွားဖြစ်သည်။ယခုလို ထူးထူးဆန်းဆန်းခေါ်နေသော နိုင်းစကားကြောင့် ကနဦးကအံ့ဩမိသော်လည်း မနေ့ညက နိုင်းရဲ့ရာဇသံတစ်စုံကို ပြန်လည်မှတ်မိချိန်တွင်တော့ သက်တန့်နာကျင်စွာပြုံးလိုက်မိသည်။
ရေမိုးချိုးပြင်ဆင်ပြီး ခြံဝန်းထဲဆင်းလာတော့ ဆံပင်ဝဲ၀ဲလေးကိုနောက်ပြန်လှန်ဖီးထားသော အင်္ကျီလည်ကတုံးအဖြူလက်ရှည်လေးကို ခေါက်တင်ထား၍ ယောပုဆိုးအနက်လေးနှင့် နိုင်းသည် လွန်စွာရှင်းသန့်ဖြူစင်ပြီးခန့်ညားနေသည်။ညာဘက်တွင်ဖောက်ထားသော တစ်ခုတည်းသောနားပေါက်လေးတွင် တပ်ဆင်ထားသော စိန်နားကပ်လေးတစ်ဖက်ကြောင့် နိုင်းရဲ့မျက်နှာလေးမှာရှိရင်းစွဲအသက်ထက် ပိုမိုငယ်ရွယ်နုပျိုနေသည်။
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...